ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အသုံးပြုကြတဲ့ “Glory to Hong Kong” သီချင်းကို ဟောင်ကောင်ရဲ့ နိုင်ငံတော်သီချင်းအဖြစ် ဒီသီတင်းပတ် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ အာရှရပ်ဂ်ဘီ Sevens Series ပြိုင်ပွဲရဲ့ အမျိုးသားဗိုလ်လုပွဲမှာ တီးခတ်ခဲ့တဲ့ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ဂျွန်လီက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
“ပွဲစီစဉ်သူက ဟောင်ကောင်ရဲ့ နိုင်ငံတော်သီချင်းကို တီးခတ်တာမဟုတ်ဘဲ ၂၀၁၉ လူမည်းအဓိကရုဏ်းနဲ့ ဟောင်ကောင်လွတ်လပ်ရေး (လှုပ်ရှားမှု) နဲ့ ဆက်စပ်နေတဲ့ သီချင်းတပုဒ်ကို တီးခတ်ခဲ့တာဖြစ်တယ်” လို့ ဂျွန်လီက ပြောပါတယ်။
ဒါကို လုံးဝလက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီသီချင်း တီးမယ့်အစား တရုတ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကိုတောင် တီးခတ်သင့်တယ်လို့ ဂျွန်လီက အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရာဇဝတ်မှုနဲ့ တရားစီရင်မှုတို့ကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ဗျူရိုက ဒီကိစ္စကို ကိုင်တွယ်နေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ ရဲတပ်ဖွဲ့က သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်လို့ ယုံကြည်ကြောင်းလည်း သူကဆိုပါတယ်။
ဒီကိစ္စကို ဆန်းစစ်ဖို့အတွက် အားကစားအသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဒီကိစ္စကိုစစ်ဆေးဖို့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေးဗျူရို (CSTB) ကို တောင်းဆိုမှာဖြစ်ပြီး ဒါမှသာ ဒီနယ်ပယ်မှာ တိုးတက်မှုတွေ ရှိလာနိုင်အောင် နည်းလမ်းရှာလို့ရ မှာဖြစ်ကြောင်း ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ဂျွန်လီက ပြောပါတယ်။
ပွဲစီစဉ်သူ အာရှရပ်ဂ်ဘီက မှားယွင်းတဲ့သီချင်းကို တီးမှုတ်တဲ့အတွက် အလွန်နောင်တရမိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီ့အတွက် ဟောင်ကောင် ရပ်ဂ်ဘီသမဂ္ဂအပြင် ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအစိုးရတို့ကိုလည်း ကိုရီးယား ရပ်ဂ်ဘီသမဂ္ဂနဲ့အတူ ရိုးသားစွာ တောင်းပန်ပါကြောင်းလည်း ဖော်ပြထားပါတယ်။