close

ဟောလိဝုဒ်မင်းသား

close

March 18, 2022

ရုရှားဝါဒဖြန့်ချိရေးကို မယုံကြည်ကြရန် ဟောလိဝုဒ်မင်းသားကြီး အာနိုး တောင်းဆို

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ဖြန့်ချိနေတဲ့ သတင်းအမှားတွေကို မယုံကြဖို့ ဟောလိဝုဒ် နာမည်ကျော် အက်ရှင်သရုပ်ဆောင် မင်းသားကြီး အာနိုးရွှာဇန်နက်ဂါက ရုရှားပြည်သူတွေနဲ့ ရုရှားစစ်သည်တွေကို ဗွီဒီယိုမက်ဆေ့ချ်ပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။
Twitter, Youtube, Telegram မီဒီယာပေါင်းစုံကနေ ဖြန့်ချိခဲ့တဲ့ ၉ မိနစ်ကြာ ဗွီဒီယိုဟာ တရက်အတွင်းမှာ Twitter ပရိသတ် ၁၈ သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။
ရုရှားပြည်သူတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို မသိကြတဲ့အကြောင်း၊ ရုရှားပြည်သူတွေနဲ့ ယူကရိန်းရောက် ရုရှားစစ်သားတွေဟာ ဝါဒဖြန့်စကားတွေနဲ့ သတင်းမှားတွေ နားသွင်းခံထားရတာကို နားလည်စေချင်တဲ့ အကြောင်းနဲ့ အမှန်တရားကို ဖြန့်ချိ ကူညီပေးဖို့လည်း မင်းသားကြီး အာနိုးက တောင်းဆိုထားပါတယ်။
“ရုရှားအစိုးရဟာ သူ့ပြည်သူတွေကိုသာ လိမ်ညာတာမကဘဲ ရုရှားစစ်သားတွေကိုလည်း လိမ်ညာထားခဲ့ပါတယ်။ နာဇီတွေကို တိုက်ခိုက်ဖို့ သွားကြမယ်လို့ တချို့စစ်သားတွေကို ပြောထားတယ်။ ယူကရိန်းပြည်သူတွေက သူတို့ကို သူရဲကောင်းတွေလို ကြိုဆိုကြလိမ့်မယ်လို့ ပြောထားကြတယ်။ တချို့စစ်သားတွေကိုတော့ စစ်ရေးလေ့ကျင့်ခန်း သွားကြမယ်လို့ ပြောထားကြတယ်။ စစ်ပွဲဆီကို ချီတက်သွားကြမယ်လို့တောင် မသိကြရဘူး။ တချို့ကိုတော့ ယူကရိန်းနိုင်ငံထဲက ရုရှားလူမျိုးတွေကို ကာကွယ်ဖို့ သွားကြမယ်လို့ ပြောထားကြတယ်။ ဘယ်တခုမှ အမှန်တရား မဟုတ်ကြဘူး။”
တကယ့်အဖြစ်မှန်က ရုရှားစစ်သားတွေဟာ သူတို့နိုင်ငံနဲ့ သူတို့မိသားစုကို ကာကွယ်ချင်တဲ့ ယူကရိန်းပြည်သူတွေရဲ့ ပြင်းထန်တဲ့ခုခံမှုကို ရင်ဆိုင်နေကြရတဲ့အကြောင်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲဟာ ရုရှားပြည်သူတွေရဲ့စစ်ပွဲ မဟုတ်တဲ့အကြောင်း၊ တရားမဝင်တဲ့စစ်ပွဲ၊ ကရင်မလင် အုပ်ချုပ်သူတွေကြောင့် ဖြစ်တဲ့စစ်ပွဲလို့ ဝေဖန်ထားပြီး ဒီစစ်ပွဲကို စတင်ခဲ့တဲ့သူဟာ ဒီစစ်ပွဲကို အဆုံးသတ်ပေးဖို့ ရုရှားခေါင်းဆောင် ပူတင်ကို ရည်ညွှန်း တိုက်တွန်းထားပါတယ်။
“ကလေးငယ်လေးတွေကို အပျက်အစီးတွေထဲက ဆွဲထုတ်ယူလာတာတွေကို မြင်လိုက်ရတဲ့အခါမှာ ကျနော်ဟာ တီဗွီသတင်း ကြည့်နေရတယ်လို့ မထင်ဘဲ ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ်တွေအကြောင်း ရုပ်သံမှတ်တမ်းကို ကြည့်နေရတယ်လို့ ထင်မိတယ်” လို့ အာနိုးက ဆိုပါတယ်။
ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့သိခွင့်မရအောင် ဖုံးကွယ်ထားကြတာကြောင့်ရယ် ယူကရိန်းမှာ တော်တော်ဆိုးရွားစွာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို သိသင့်တယ်ထင်လို့ ခုလို ထုတ်ပြောရတဲ့အကြောင်း သူက ပြောပါတယ်။
အသက် ၇၄ နှစ်အရွယ် မင်းသားကြီး အာနိုးက ရုရှားတွေဟာ သူ့ရဲ့ သူရဲကောင်းတွေ ဖြစ်ခဲ့တဲ့အကြောင်း ၁၉၆၁ ခုနှစ် ၁၄ နှစ်သားဘဝက ရုရှားအလေးမချန်ပီယန် တယောက်ကို ကိုးကွယ်ခဲ့ဖူးတဲ့ သူ့အတွေ့အကြုံအပြင် သူ့ဖခင်ကိုယ်တိုင် နာဇီဘဝ စစ်သားဘဝနဲ့ လိမ်ညာခံခဲ့ရပြီး တသက်လုံး စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရတာတွေကို အခြေခံပြီး စိတ်ခံစားမှုအပြည့်နဲ့ တင်ပြ ပြောဆိုထားပါတယ်။

12 mins Ago

April 17, 2020

ရွှေကမ္ဘာလုံးဆုရ ဟောလိဝုဒ်မင်းသားကြီး Brian Dennehy နှလုံးရောဂါဖြင့် ကွယ်လွန်

ရွှေကမ္ဘာလုံးဆုရ ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Brian Dennehy ဟာ ဧပြီလ ၁၅ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် မင်းသားကြီးဟာ အမေရိကန်နိုင်ငံ၊ ကွန်နက်တီကပ်ပြည်နယ် ကမ်းခြေမြို့တမြို့ဖြစ်တဲ့ နယူးဟေးဗင်မြိူ့က နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်မှုမရှိဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်း ၅၀ ကျော် ဖြတ်သန်းခဲ့တဲ့ မင်းသားကြီးဟာ နာမည်ကြီး ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပထမဆုံး ရမ်ဘိုရုပ် ရှင်ကားဖြစ်တဲ့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ First Blood အပါအဝင် Gorky Park (1983) ၊  Silverado (1985) ၊ Cocoon (1985) ၊ F/X (1986) ၊ Presumed Innocent (1990) ၊ Romeo + Juliet (1996) ၊ Knight of Cups (2015) စတဲ့ ရုပ်ရှင်ကားတွေမှာ ဇာတ်ရုပ်ပုံစံမျိုးစုံနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ ရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်အတွက် Death of a Salesman ရုပ်ရှင်ကားမှာ ဇာတ်ကောင် Willie Loman အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့မှုအတွက် ချီးမြှင့်ခံခဲ့ရတာပါ။ ရုပ်ရှင်မှာသာမက တခြားသော ရုပ်သံစီးရီးစ်တွေအတွက် ချီးမြှင့်တဲ့ အမ်မီဆု ၆ ဆုနဲ့ တိုနီဆု ၂ ဆုရရှိခဲ့သူ မင်းသားကြီးဟာ ၂ ကြိမ်လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ သားသမီး ၃ ယောက်နဲ့ မြေး ၅ ဦး ကျန်ရှိခဲ့ပါတယ်။ လတ်တလောမှာတော့ မင်းသားကြီးရဲ့ နာရေးသတင်းအတွက် အနုပညာအသိုင်းအဝိုင်းက မိသားစုနဲ့အတူ နှမြောတသ စိတ်မကောင်းဖြစ်ရကြောင်း မှတ်ချက်တွေ ရေးနေကြပါတယ်။ မင်းသားကြီးနဲ့ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ရမ်ဘိုမင်းသားကြီး စတားလုံးကလည်း တကယ့်ကို ပြောင်မြောက်တဲ့ သရုပ်ဆောင်တယောက်ဖြစ်ပြီး First Blood ရုပ်ရှင်မှာ ရမ်ဘိုအဖြစ် ရုပ်လုံးကြွလာစေဖို့ အများကြီး ကူညီပေးခဲ့ကြောင်း၊ အနုပညာရှင် ကြယ်တပွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။ သရုပ်ဆောင်မင်းသမီးကြီး Mia Farrow ကတော့ သူ့ရဲ့ ခွေးကလေးကို Brian Dennehy က ပွေ့ချီထားခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတပုံကို မျှဝေထားခဲ့ပြီး သူ့ဘဝမှာ တန်ဖိုးထားရသူ အနည်းစုထဲက မင်းသားကြီးထွက်ခွာသွားရတဲ့ သတင်းက ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီပုံလေးကိုတော့ Love Letters ရုပ်သံရိုက်ကူးရေးနောက်ကွယ်မှာ ရိုက်ကူးထားတဲ့ ပုံလေးတပုံဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။  
2 years Ago
Up