close

ဟောလိုးဝင်းပွဲတော်

close

October 31, 2022

ဟောလိုးဝင်းပွဲတော်အတွင်း သေဆုံးသူများထဲ ကိုရီးယား အဆိုတော်သရုပ်ဆောင် လီဂျီဟန် ပါဝင်

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်က အီထယ်ဝွန်းအရပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ညက ဟောလိုးဝင်းပွဲတော်မှာ ဖြစ်ပွားခဲ့တဲ့ လူအုပ်တိုးတိုက်ပိမိမှုမှာ သေဆုံးသွားသူတွေအထဲ ကိုရီးယားအဆိုတော် သရုပ်ဆောင်မင်းသား လီဂျီဟန်လည်း ပါဝင်ခဲ့တယ်လို့ သူ့ရဲ့ အေဂျင်စီက အတည်ပြုထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးရသူစုစုပေါင်း ၁၅၄ ယောက်ရှိခဲ့ပြီး မင်းသား လီရဲ့ အေဂျင်စီဖြစ်တဲ့ 935 Entertainment က “သရုပ်ဆောင် လီဂျီဟန်… ကျနော်တို့ကို ထားခဲ့ပြီး ကောင်းကင်မှာ ကြယ်ကလေးတပွင့် ဖြစ်ခဲ့ပါ ပြီ။” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

လီဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကိုရီးယားနိုင်ငံရဲ့ "Produce 101" သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ ဖျော်ဖြေရေးနယ်ပယ်မှာ ထင်ရှားလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒရာမာဇာတ်လမ်း "Today Was Another Nam Hyun Day" မှာ သရုပ်ဆောင်မှု စတင်ခဲ့တာပါ။

လတ်တလောမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီထယ်ဝွန်းမှာ လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တဲ့ ဟောလိုးဝင်းပွဲတော်မှာ လူပေါင်း ၁၅၄ ယောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတကတော့ ဒီဖြစ်ရပ်အပေါ် နိုင်ငံတော် ဝမ်းနည်းခြင်း ကာလကို ကြေညာခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ် အများအပြားကို ထုတ်လွှင့်တာတွေ ရပ်ဆိုင်းထားဖို့ နှိုးဆော်ထားပါတယ်။

ခုလိုလူစုလူဝေးနဲ့ သေဆုံးမှုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ လမ်းကျဉ်းတွေထဲမှာ ပါတီပွဲလာသူတွေနဲ့ တိုးကြိတ်ပြည့်ကျပ်နေတယ်လို့ ဆိုပါ တယ်။

2 mins Ago
Up