တိုက်စစ်မှူးဗက်ဟော့စ်ဟာ ဟော်လန်အသင်းမှာကော မန်ယူအသင်းမှာပါ ကစားဖို့ လုံလောက်မှုမရှိကြောင်း ဟော်လန်ဂန္ထဝင်ကစားသမားကြီး ရုဒ်ဂူးလစ်က ဝေဖန်သွားပါတယ်။
ဗက်ဟော့စ်ဟာ မန်ယူအသင်းမှာ သွင်းဂိုးနှစ်ဂိုးသာရသေးပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးမရသေးပါဘူး။
ဟော်လန်နဲ့ ဂျီဘရော်တာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဂိုးကန်သွင်းခွင့် ၉ ကြိမ်အထိရခဲ့ပေမဲ့ ဂိုးမသွင်း နိုင်ခဲ့တဲ့အပေါ်မှာ ရုဒ်ဂူးလစ်ကဝေဖန်စကားဆိုခဲ့တာပါ။
ဗက်ဟော့စ်က ကမ္ဘာ့အကောင်းဆုံးအသင်းမှာပါဝင်ခဲ့ဖူးလို့ ချီးကျူးစရာဖြစ်ခဲ့ပေမဲ့ လက်ရှိခြေစွမ်းအရ မန်ယူအသင်းမှာတင်မဟုတ်ဘဲ ဟော်လန်အသင်းမှာပါ ကစားဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိကြောင်း ဂူးလစ်ကဝေဖန်ခဲ့တာပါ။
ဗက်ဟော့စ်ကတော့ ဂျီဘရော်တာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ အဲဒီပွဲစဉ်က သူ့ရဲ့ခြေစွမ်းက လက်ခံနိုင်စရာမရှိကြောင်း ဝန်ခံထားပါတယ်။
အာဂျင်တီးနားက ဟော်လန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ကွာတားဖိုင်နယ်ပွဲမှာ တဖက်နဲ့တဖက် အချေအတင်ဖြစ်ခဲ့ကြလို့ ဖီဖာက အရေးယူဖို့ စုံစမ်းစစ်ဆေးနေပါတယ်။
အဲဒီပွဲစဉ်မှာ အဝါကတ် ၁၇ ကတ်နဲ့ အနီကတ်တစ်ကတ်အထိ ပြသခဲ့ရပြီး အကြိတ်အနယ်ရှိခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တာပါ။
ဖီဖာဘက်ကလည်း ဒိုင်လူကြီးရဲ့ ပွဲအစီရင်ခံစာကို ကြည့်ပြီးနောက် နှစ်သင်းစလုံးဟာ စည်းကမ်းချိုး ဖောက်မှုတွေ ရှိခဲ့ကြောင်းတွေ့ရှိခဲ့ရလို့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
အာဂျင်တီးနားနဲ့ ဟော်လန်အသင်းတို့ဟာ စည်းမျဉ်းဥပေဒ အပိုဒ် ၁၂ မှာပါဝင်တဲ့ ကစားသမားတွေနဲ့ တာဝန်ရှိသူတွေအပေါ် မသင့်လျော်တဲ့ အပြုအမှုတွေလုပ်ဆောင်ခဲ့ပြီး အာဂျင်တီးနားကတော့ အမိန့်နဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းဖြစ်တဲ့ အပိုဒ် ၁၆ ကိုလည်း ချိုးဖောက်ခဲကြောင်း ဖီဖာဘက်ကထုတ်ပြန်ပါတယ်။
ဖီဖာ အနေနဲ့ နှစ်သင်းစလုံးကို အနည်းဆုံးပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေချမှတ်သွားဖို့ရှိပါတယ်။