close

ဟွာဟင်မြို့

close

December 8, 2022

ထိုင်းနိုင်ငံ ဟွာဟင်တွင် အိမ်စီးကားနှင့် မီးရထားတိုက်မိ ၃ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူပ်ခီရီခန်ခရိင်၊ ဟွာဟင်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၈ ရက် ဒီမနက်စောစောက ခရီးသည်တင်မီးရထားနဲ့ အိမ်စီးကားတစီး အရှိန်ပြင်းစွာတိုက်မိပြီး သုံး ဦး ပွဲချင်းပြီးသေဆုံးကာ တဦး ဒဏ်ရာရခဲ့တယ်လို့  မတ်တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့မနက် ၄ နာရီလောက်က ဟွာဟင်မြို့နယ် နောင်ကယ်နဲ့ ဟွာဟင်မီးရထားဘူတာကြားမှာ ရထားနဲ့ကား မတော်တဆထိခိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက် ရတဲ့အတွက် လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးကားတွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဟွာဟင်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ရထားလမ်းပေါ် လွင့်စဉ်ဒဏ်ရာရသူတွေ၊  ခေါင်းတွဲပျက်စီးနေတဲ့ နခွန်းဆီထ မရတ်-ဘန်ကောက် မီးရထားအတွဲအမှတ် ၈၆ ကိုလည်းကောင်း၊ အဆိုပါနေရာနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ လုံးဝကြေမွပျက်စီးနေတဲ့ အဖြူရောင် မာစဒါအိမ်စီးကား တစီးကို တွေ့ရတာလို့  ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ရထားလမ်းပေါ် လွင့်စဉ်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသားတဦး မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေရရှိကြောင်း၊ ဒါ့အပြင် မာစဒါကားထဲမှာ သေဆုံးနေတဲ့ အမျိုးသားတဦး အလောင်းကိုလည်း ခက်ခက်ခဲခဲ ဆွဲထုတ်ယူရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေဟာ အိမ်စီးကားထဲကဖြစ်ကြောင်း၊  ကားထဲ ပိတ်မိတဲ့အမျိုးသားမှာ ဟွာဟင် ရဲတပ်ဖွဲ့က ရဲအရာရှိတဦးလို့ သိရပြီး အမည်နဲ့ ရာထူးကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ အဆိုပါမီးရထားဟာ နခွန်းဆီထမရတ်ခရိုင်ဘက်ကို ဦးတည်ထွက်ခွာလာတာဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ ကားလမ်းဖြတ်ကူးနိုင်တဲ့ လမ်းဆုံရှိပြီး ဂိတ်ကနေ အလိုအလျောက် ဖွင့်ပိတ်နိုင်တဲ့ သံဘားတန်း ရှိကြောင်း၊  ရထားလာတော့မှာမို့ သံဘားတန်းက ပွင့်သွားစဉ် အိမ်စီးကားက အလျင်အမြန်ဖြတ်မောင်းသွားပေမယ့် မလွတ်ကင်းဘဲ ရထားနဲ့တိုက်မိတာလို့ မျက်မြင်တွေက ပြောပါတယ်။ 

ဒါပေမဲ့ သက်ဆိုင်ရာကတော့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းအသေးစိပ်ကို ဆက်လက်စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ ရထားပေါ်က ခရီးသည်တွေကိုတော့ တခြားရထား တစီးပေါ်သို့ လွှဲပြောင်းပြီး လိုရာခရီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်သတင်းမှာ ဖော်ပြပါတယ်။

Ref-Matichon

4 mins Ago
Up