close

အကန့်အသတ်

close

April 8, 2023

ရထားလက်မှတ် အကန့်အသတ်ဖြင့်ရောင်းချနေ၍ သင်္ကြန်ပိတ်ရက် နယ်ပြန်သူများ အခက်ကြုံ

သင်္ကြန်ပိတ်ရက် နေရပ်ပြန်မယ့်သူတွေအတွက် မြန်မာ့မီးရထား လက်မှတ်တွေကို အထူးတန်း ၃ ရက်၊ ရိုးရိုးတန်း ၁ ရက် ကြိုတင် ရောင်းပေးနေပါတယ်။ လက်မှတ်ဝယ်ဖို့ မနက်အစော တန်းစီ ရပေမယ့် အချို့မြို့တွေကို လက်မှတ်စောင်ရေ အနည်းငယ်သာ အကန့်အသတ်နဲ့ ရောင်းပေးတာကြောင့် လက်မှတ်မရသူတွေ အခက်အခဲ ကြုံနေရပါတယ်။

လက်မှတ်ကြိုဝယ်ဖို့ ၃ ရက် ကြိုတင်ပြီး မနက် ၄ နာရီကတည်းက တန်းစီပေမယ့် လက်မှတ်မရတော့ဘဲ ရန်ကုန်-မန္တလေး ရထားလက်မှတ်ကို စျေးပိုပေးပြီး ဝယ်ခဲ့ရတယ်လို့ သင်္ကြန်ပိတ်ရက် ပျော်ဘွယ်သွားမယ့် ခရီးသည်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

"အခုက ရန်ကုန်ကနေ ပျော်ဘွယ် လက်မှတ်ကို ၃ စောင်ပဲ ရောင်းတော့ ၄ နာရီထ တန်းစီတဲ့သူက ဘယ်လို လုပ်ရမလဲ။ ကျနော်တို့ သွားချင်တဲ့ ခရီးကဗျာ ပျော်ဘွယ် သွားချင်တယ်ဆို ကျနော်တို့က မန္တလေးထိ ဝယ်ရမယ့် အနေအထား။ မန္တလေးမှာ ပိုများနေတယ်။ မန္တလေးမှာ ၆၀၊ ပျော်ဘွယ်မှာ ၃ စောင်၊ နေပြည်တော်မှာ ၃ စောင်၊ ကျနော်တို့ သွားမှာက ၆ ယောက် ဘယ်လိုမှ အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တော့ ကျနော် ကားလက်မှတ်လို အွန်လိုင်းလေး ရောင်းရင် အဆင်ပြေတယ်။ အခုက ပင်ပန်းပြီး ပွဲမစည်ဖြစ်တာပေါ့။ ကျနော်တို့က ခွင့်ယူပြီးလာရတာလေ။ ဒီရောက်တော့မှ ပင်ပန်းပြီး လက်မှတ်ကမရ၊ မရတော့ ရတဲ့ လက်မှတ်ဝယ်တော့ စျေးကတက် အဲ့လိုမျိုးတွေ ဖြစ်တာ။ အဲ့လောက်ထိ ခက်ခဲမယ် မထင်ဘူးလေ။ တကယ်ဝယ်တော့မှ တော်တော်ခက်ခဲတယ်" လို့  ဒီဗွီဘီကို ပြောပါတယ်။

သင်္ကြန်ပိတ်ရက်အတွက် မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်ရထား ဧပြီ ၇ ရက်ကနေ ၉ ရက်အထိ၊ ရန်ကုန် - မော်လမြိုင် ရထားကို ဧပြီ ၈ ရက်ကနေ ၁၁ ရက်အထိ၊ ရန်ကုန်-ပုဂံ ရထားကို ဧပြီ ၇ ရက်နဲ့ ၁၂ ရက်တို့မှာ ပြေးဆွဲမယ်လို့ ကြေညာထားပါတယ်။

သင်္ကြန်ရက်အတွင်း ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် ရထားတွေကို ဧပြီ ၁၄ ရက်ကနေ ၁၆ ရက်အထိ ရပ်နားထားမှာဖြစ်ပြီး သင်္ကြန်ကာလအပြီး ဧပြီ ၁၇ ရက်မှ ရထားတွေ ပြန်လည်ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

ရထားလက်မှတ် ဝယ်ရတာ ကားလက်မှတ်ထက်စာရင် ပိုလွယ်ကူတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ ရောင်းတာတွေကြောင့် တကယ်စီးမယ့် ခရီးသည်တွေက မှောင်ခို လက်မှတ် ပေးဝယ်နေရတယ်လို့ ပုံမှန် ရထားစီးနေကျ ခရီးသည် မသဇင်က ပြောပါတယ်။

"ရထားကကျတော့ ကားထက်စာရင် အချိန်ကြာတယ်ဆိုပေမယ့် သက်သောင့်သက်သာ ပိုရှိတယ်။ လက်မှတ်ခ စျေးသက်သာတယ်။ ပြီးတော့ ရထားနဲ့ သွားနေကျလူက ရထားနဲ့ သွားရတာ ကြိုက်တာပေါ့။ ဒါကြောင့် ရထားနဲ့စီး ပြန်နေကျ။ သင်္ကြန်တွင်းမှာဆိုရင် ကားလက်မှတ်နဲ့ စာရင် ရထားလက်မှတ်က လွယ်တယ် ပြောလို့ရတယ်။ ကြိုဝယ်ရတယ်။ ဘူတာကြီးနဲ့နီးတယ်ဆို ကြို သွားစောင့်ပြီး ဝယ်ရတယ်။ ဒါပေမဲ့ နှစ်တိုင်းကတော့ အမြဲ အခက်အခဲရှိတယ်။ အဲ့အချိန်ကျရင် ခရီးသည်က အရမ်းများပြီးတော့ လက်မှတ်ကို အကန့်အသတ်နဲ့ ရောင်းတာမျိုးတွေ၊ လက်မှတ်ကို မှောင်ခို ရောင်းတာမျိုးတွေ ရှိတယ်ဆိုတော့ တကယ်စီးမယ့် ခရီးသည်အတွက်က လက်မှတ် မရတတ်ဘူး။ အဲ့လို အခြေအနေ ရှိတယ်။"

မြန်မာ့မီးရထားက လက်မှတ်ခတွေ ပိုရောင်းရင် တိုင်ကြားနိုင်တယ်လို့ ကြေညာထားပေမယ့် လက်တွေ့မှာတော့ လက်မှတ်ခတွေ စျေးပိုပေးရတာတွေ၊ မှောင်ခိုလက်မှတ် ပေးဝယ်ရတာတွေ ရှိနေပါတယ်။

အာဏာသိမ်းမှု မတိုင်ခင် မြန်မာ့မီးရထားဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူစီးအမြန်ရထား အစင်း ၄၀၊ စာပို့ရထား ၅၂ စင်း၊ ကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၆ စင်း၊ ခရီးဝေး ရထား စုစုပေါင်း ၁၅၆ စင်းနဲ့ ရန်ကုန်မြို့ပတ် ရထားတွေကို တွဲဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ် ခေါက်ရေ ၁၆၀ ကျော် ပြေးဆွဲခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့မီးရထားဟာ ဝန်ထမ်းအင်အား နည်းပါးတာကြောင့် အပြည့်အဝ မလည်ပတ်နိုင်ဘဲ မန္တလေး-မြစ်ကြီးနား ခရီးစဉ်ဆိုရင် အာဏာသိမ်းပြီးချိန်ကစလို့ နယ်မြေ မတည်ငြိမ်တာကြောင့် ရပ်နားထားရတာ အချိန်၂ နှစ်ကျော် ရှိပါပြီ။

14 mins Ago

April 19, 2022

ရခိုင်ပြည်နယ်၌ လောင်စာဆီ အကန့်အသတ်ဖြင့်ရောင်းချရန် စစ်ကောင်စီညွှန်ကြား

ရခိုင်ပြည်နယ်မှာ လောင်စာဆီတွေကို ဧပြီ ၁၉ ရက်‌ကစတင်ပြီး အကန့်အသတ်နဲ့သာ ရောင်းချဖို့  ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားတယ်လို့လည်း ဆီလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

လိုင်စင်ရ စက်သုံးဆီဆိုင်တွေကို တနေ့  ဆိုင်ကယ်တစ်စီးလျှင်  ဆီကျပ် ၅၀၀၀ ဖိုးနဲ့ မော်တော်ကား ငယ်တစ်စီးလျှင် ကျပ် ၂၀၀၀၀ ဖိုးထက် ပိုမရောင်းချဖို့ ပြည်နယ်စစ်ကောင်စီက ညွှန်ကြားလိုက်တာ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ လောင်စာဆီဈေးနှုန်း  အောက်တိန်း(92) တစ်လီတာ ၂၂၅၀ ကျပ်၊ ဓာတ်ဆီတစ်လီတာ ၂၀၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၃၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၀၀ ကျပ်နှုန်းနဲ့ ရောင်းနေကြကြောင်း လောင်စာဆီ အရောင်းဆိုင်တွေကနေ စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာပြီး အကန့်အသတ်နဲ့သာ ရောင်းချမယ့်ဆိုတဲ့ သတင်းကြောင့် ကားသမားတွေ၊ သုံးဘီးသမားတွေနဲ့ စက်လှေသမားတွေ စိုးရိမ်နေကြပါတယ်။

စစ်တွေမြို့မှ ကုန်ကားမောင်းသမားတစ်ဦးက “ကိုယ်လိုသလောက် ဝယ်မရဘူးဆိုရင် ကားမောင်းစားစရာလည်း မလိုတော့ဘူးလေ။ တနေ့ ကားတစ်စီးကို ဆီ ၂၀၀၀၀ ကျပ်ဖိုးထက် မရောင်းရဆိုတော့။ ခရီးဝေးတွေကိုကျနောတို့  ဘယ်လိုသွားရတောမလဲ။ စျေးမြင့်တာတော့မြင့်တာပေါ့  ဒါကသက်သက်ကို အကျပ်ကိုင်တဲ့သဘောဖြစ်နေတယ်။"လို့ ပြောပါတယ်။

အခုလို လောင်စာဆီဈေးကွက် မတည်မငြိမ်ဖြစ်နေတဲ့  အခြေအနေကြောင့် တက်နေတဲ့ ကုန်စျေးနှုန်းတွေ အဆမတန်ပိုမိုစျေးမြင့်တက်လာမှာကို  ရခိုင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက တော့ သီလဝါ ဆီသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ လက်ကျန်လျော့နည်းနေပြီဆိုတဲ့ သတင်းတွေက ကောလာဟလ သတင်းအမှားတွေသာဖြစ်ပြီး ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်ပေါ်နိုင်ဘူးလို့ ဧပြီ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 

12 months Ago
Up