နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဘိန်းစွဲနေတဲ့လူငယ်တွေကို ကူညီဘိန်းဖြတ်ကုသပေးနေတဲ့ အင်ရောမ်းဘဝသစ်ထူထောင်ရေးကျောင်းမှာ စားနပ်ရိက္ခာ၊ ကျောင်းအဆောင်နဲ့ တခြား အခြေခံ အဆောက်အအုံစတဲ့ လိုအပ်ချက်တွေရှိနေတယ်လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။
အင်ရောမ်း ဘဝသစ်ထူထောင်ရေးကျောင်းဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့နယ် နောင်ယန်းရွာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နန်းယွန်းပန်ဆောင်ဒေသက ဘိန်းစွဲနေတဲ့လူငယ်တွေကို ဘိန်းဖြတ်ပေးတဲ့ နာဂနှစ်ခြင်းအသင်းတော်တွေရဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတကျောင်းလည်းဖြစ်ပါတယ်။
ကျောင်းကတော့ လတ်တလော စားဝတ်နေရေး အဆင်ပြေဖို့ပဲ အဓိကထားရပြီး အဆောက်အဦဆိုရင်လည်း လုပ်အားပေးနဲ့ ပြင်ရနေရကာ ရေလှောင်ကန်တွေ၊ အဆောက်အဦတွေ အကုန်လိုအပ်ချက်တွေများစွာရှိနေတယ်လို့လည်း သိရပါတယ်။
ကျောင်းရဲ့ တာဝန်ရှိသူ ဘာသာရေးခေါင်းဆောင်က “ကျမ်းစာသင်ပေးတယ်။ နှုတ်ကပတ်တော် အကြောင်းဝေမျှတယ်။ ဆေးဝါးအကူအညီ မပါသလို ကာယလေ့ကျင့်ခန်း အားကစားနည်းနည်းပါးပါးအပြင် တခြားဘာသင်ယူမှုတွေမှ မထည့်နိုင်ပါဘူး။ ၂ ဧကလောက်ရှိတဲ့ သံဇကာကာခြံဝင်းထဲ ပစ်ထည့်ထားရုံသက်သက်တော့ ဖြစ်ပေမဲ့ လူငယ်တွေ ဘိန်းပြတ်သွားပြီး ပြောင်းလဲသွားတာ များပါတယ်” လို့ပြောပါတယ်။
Namyun Association လို့ခေါ်တဲ့ နန်းယွန်း နာဂနှစ်ခြင်းအသင်းတော် ၄၇ ပါးက ရွာကြီးတရွာကို ဆန်အိတ် ၄ အိတ်၊ ရွာငယ် ၂၁ ရွာက ဆန်အိတ် ၃ အိတ်စီ ဝိုင်းထည့်ပြီး ဒီကျောင်းကို ဖွင့်ရကြောင်းလည်း သိရပါတယ်။
အပတ်စဥ်တခုမှာ ၆ လကြာမြင့်ကာ တာဝန်ခံနဲ့ ဓမ္မပညာနည်းပြ ၃ ယောက်ရှိပြီး ကျောင်းသားတဦးကို ဝင်ကြေးအဖြစ် ၁ သိန်း သတ်မှတ်ထားပါတယ်။
ကျောင်းဖွင့်တာက ၃ နှစ်ရှိနေပြီး အပတ်စဥ် ၆ ကို ရောက်လာပြီဖြစ်တဲ့ အင်ရောမ်းကျောင်းကို ဘိန်းဖြတ်လိုတဲ့ လူငယ်တွေနဲ့ ဘိန်းပြတ်စေချင်တဲ့ မိဘတွေ အားထားရတဲ့နေရာလည်း ဖြစ်ပါတယ်။
နာဂဒေသဟာ ဝေလံသီခေါင်တဲ့အတွက် မြို့တက်ပညာသင်ယူဖို့ ခက်ခဲလွန်းပြီး လယ်ယာလုပ်ငန်းနဲ့ ဟင်းခင်းလို့ခေါ်တဲ့ ဘိန်းခင်းတွေကလွဲလို့ ဝင်ငွေရမယ့် တခြား ဘယ်လိုအခွင့်အလမ်းမှ မရှိတာကြောင့် လူငယ်တွေဟာ ဘိန်းကို အပျော်စမ်းရာကနေ စွဲသွားတတ်ကြတာမို့ စီးပွားမဖြစ်ပေမဲ့ ဘိန်းစားတော့ ဖြစ်ကုန်တာပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။
နာဂဒေသခံတဦးက “ပညာရေးတပိုင်းတစနဲ့ ပယင်းမှော် ရွှေမှော် ရောက်ကုန်တာ များပါတယ်။ အဲဒီလို အဝေးရောက်သွားတဲ့ ကလေး ၃၀ ရာခိုင်နှုန်းလောက်ပဲ လွတ်တယ်လို့ ပြောနိုင်ပေမဲ့ မှော်တွေထဲလည်း ပိုရလွယ်တာမို့ နာဂလူငယ်ကလေးတွေအတွက် ရင်လေးရပြီး အင်ရောမ်း ကျောင်းမှာက ယောက်ျားလေးတွေကိုပဲ အဓိကထားနိုင်သေးတာမို့ ခုဆို မိန်းကလေးတွေတောင် နည်းနည်းသုံးတတ်လာလို့ စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။
ပန်ဆောင်ဆိုရင်တောင် ညပိုင်း မီးခဏပဲရတဲ့မြို့ဆိုတော့ ကျောင်းမှာ လျှပ်စစ်မီးလည်း မရှိသလို လက်မှုသင်ပေးရအောင်ကျတော့ လခတွေမပေးနိုင်ဘူးလို့ ဆိုပါတယ်။
နာဂဆိုရှယ်လစ်ကောင်စီကတော့ ၂၀၂၃ ကစပြီး ဘိန်းမစိုက်ဖို့ အမိန့်ထုတ်ထားပြီး ဒေသခံနာဂတိုင်းရင်းသားတွေအနေနဲ့ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ အကူအညီတွေ ရလိုတယ်လို့ ပြောပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်က အရှိုချင်းရွာတရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်း ခွဲပြီးတော့ ဧပြီ ၂၀ ရက်ကစပြီး ပုသိမ်-မုံရွာလမ်း အနောက်ဘက် လက်ပံတံခါးကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနဲ့ မင်းတုန်း မြို့နယ်ဘက် တိုင်တား သရက်ချဉ်ရွာကနေ လာခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေမှာ တပ်မ ၈၈ နဲ့ ကပစ ၂၊ ၁၀ နဲ့ ၁၃ အထိုင်ထုတ်လုပ်ရေး တပ်သားတွေအပြင် ရေတပ်၊ ရဲ တို့ကနေ ထုတ်နုတ်လာတာလို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
“ရေရင်ရွာကို ဧပြီ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကနေ မီးရှို့ခဲ့တာပါ။ တောင်ပေါ်ဒေသဆိုတော့ ဆက်သွယ်ရေးပိုင်း အဆင်မပြေလို့ သတင်းမြန်မြန်မရတာပါ။ စစ်ဘေးရှောင်တွေအနေနဲ့က လက်ရှိတောတောင်တွေထဲမှာပဲ ကြုံသလိုနေ နေရတုန်းပါ။ ထပ်ပြီးစစ်ကြောင်းထိုးလာမှာ ပြည်သူတွေကြောက်တဲ့အတွက် ရွာထဲ မဝင်ရဲကြပါဘူး မီးဘေးသင့်ရွာအတွက်လည်း အလှူရှင်တွေလိုအပ်နေပါတယ်” လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။
စစ်ကြောင်းသတင်းရကတည်းက ဒေသခံတွေဟာ ရွာတွေထဲမနေဘဲ အကုန်ထွက်ပြေး ခဲ့ကြတဲ့အတွက် လူတွေတော့ဘေးကင်းတယ်လို့လည်း သူက ပြောပါတယ်။
အန်အယ်လ်ဒီ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိတော်လှန်ရေးမှာပါဝင်နေသူ ဒေါက်တာရဲထွန်းဇော်က ရေရင်ရွာဟာ အရှိုချင်းရွာဖြစ်ပြီး မီးရှို့ခံရပြီးနောက် အိမ်တလုံးပဲ ကျန်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် အထက်မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်အစပ်၊ အနောက်ရိုးမတောင်ပေါ်နေ အရှိုချင်းရွာက ရွာသူရွာသား ၃၀၀ လောက်ဟာလည်း စစ်ဘေးရှောင်တွေအဖြစ် ဘေးလွတ်ရာပုန်းအောင်းတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
ရေရင်ရွာ၊ ရဖုံရွာ၊ တောင်ဖီလာ၊ ချောင်းသာနဲ့ ကျောက်စည်ရွာတို့ဖြစ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ကိုရင်နဲ့ သီလရင်တွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကတော့ ဧပြီ ၂၆ ရက်နေ့မှာ မင်းတုန်းမြို့နယ်ဘက်ကို ထွက်သွားတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။