ဟွန်ဒူးရပ်စ်နိုင်ငံက လုံခြုံရေးမြင့်တဲ့ အကျဉ်းထောင်တစ်ခုမှာ ဇွန် ၁၇ ရက်က အကျဉ်းကျ ဒုစရိုက်ဂိုဏ်းတွေရဲ့ ပြိုင်ဘက်ဂိုဏ်းသားတွေကြားက ရန်ပွဲကြောင့် အကျဉ်းခန်းဖော် ၅ ယောက် သေဆုံးပြီး အကျဉ်းသားတွေနဲ့ လုံခြုံရေးအစောင့် ၃၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တရားစီရင်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ မြို့တော် တီဂူစီဂလ်ပါရဲ့ အရှေ့ဘက်က လာတိုလ်ဗာ အကျဉ်းထောင်ထဲမှာ Barrio 18 ဂိုဏ်းအဖွဲ့ဝင်တွေဟာ ပြိုင်ဘက် Mara Salvatrucha 13 ဂိုဏ်းအဖွဲ့ဝင်တွေဘက်ကို ဝင်ရောက်သွားရာကစပြီး အနည်းဆုံး လက်ပစ်ဗုံးတလုံးနဲ့ လက်နက်ခဲယမ်းတွေပါ ပါဝင်တဲ့ ၃ နာရီကြာ ထိပ်တိုက်တွေ့ ရန်ပွဲ ဖြစ်ခဲ့ကြတာပါ။
အဲ့ဒီအဆောက်အအုံမှာ အကျဉ်းသား ၁၅၀၀ ကျော်ရှိပြီး ဒဏ်ရာရသူတွေထဲက ၁၃ ယောက်ဟာ အခြေအနေဆိုးနေတယ်လို့ အစိုးရရှေ့နေ Sara Gomez က ဒေသတွင်းရုပ်သံတခုကို ပြောကြားပါတယ်။
ဟွန်ဒူးရပ်စ်ရှိ အကျဉ်းထောင်တွေဟာ ၂၀၁၉ ခုနှစ်အကုန်ပိုင်းကစပြီး စစ်တပ်ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်။
အဲ့ဒီအကျည်းထောင်တွေဟာ စနစ်တကျဖွဲ့ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေလို နိုင်ငံရဲ့ အင်အား အကြီးဆုံး လမ်းပေါ်ဒုစရိုက်ဂိုဏ်းကြီး ၂ ဂိုဏ်းအကြား အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံမှာ အကျဉ်းသားတွေ ပြည့်သိပ်နေတဲ့ အကျဉ်းထောင် ၂၅ ခုရှိပြီး အကျဉ်းသား ၂၂,၀၀၀ ကျော်ရှိပါတယ်။
အဲ့ဒီနေရာတွေမှာ အစားအစာ မလုံလောက်မှု၊ မသန့်ရှင်းတဲ့အခြေအနေတွေနဲ့ အကျင့်ပျက်ခြစားမှု တွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ထားပါတယ်။