close

အကျဉ်းသား ၂၀၀၀

close

July 30, 2021

အကျဉ်းသား ၂၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး

အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့  နေပြည်တော် အချုပ်ထောင်က အကျဉ်းသား၊ အချုပ်သား ၂၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်မှာ ကာကွယ်ဆေး စတင်ထိုးနှံပေးတာဖြစ်ပြီး အကျဉ်းသား ၊ အချုပ်သား အယောက် ၉၇၀ ကို ထိုးနှံပေးခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်မှာတော့ ကျန်ရှိနေသူတွေကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အင်းစိန် ဗဟိုအကျဉ်းထောင်က အယောက် ၇၉၀ ၊ နေပြည်တော် အချုပ်ထောင်က ၃၁၅ ယောက်ကို ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင် အချုပ်ထောင် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ထိုးနှံပေးတာ ဖြစ်ပြီး စုစုပေါင်း အကျဉ်သား အချုပ်သား ၂၀၇၅ ယောက်ကို ထိုးနှံပြီးစီးသွားပြီလို့လည်း ဆိုပါတယ်။

အကျဉ်းထောင်မှာ တရားရင်ဆိုင်ဆဲ အချုပ်ကျခံနေရသူတွေကိုလည်း ထိုးနှံပေးတာဖြစ်ပြီး ဘယ်နိုင်ငံထုတ်ကာကွယ်ဆေးကို ထိုးနှံတယ်ဆိုတာကိုတော့ မသိရပါဘူး။

ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်မှာ အကျဉ်းသား/ အချုပ်သား အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေး သူတွေ စုစုပေါင်း ၂၅၀၀ ကျော်ရှိတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောထားပါတယ်။

အင်းစိန်ထောင်တွင်းက စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေက လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်ရဲ့ အကြင်နာမဲ့ ရက်စက်မှုတွေကို တဖန်ပြန်လည် ပြသနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက လည်း ပြောထားပါတယ်။

16 mins Ago
Up