close

အကျဉ်းသား ၇၀

close

February 12, 2022

မွန်ပြည်နယ်တွင် အကျဉ်းသား ၇၀ ဦး ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါ

မွန်ပြည်နယ်တွင်း အကျဉ်းထောင်အသီးသီးကနေ  အကျဉ်းသား အယောက် ၇၀ ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေဟာ ပြည်နယ်အတွင်းက ဗဟိုအကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး အဲဒီထဲမှာတော့ အကျဉ်းသား ၆၅ ဦးနဲ့ အကျဉ်းသူ ၅ ဦး ပါဝင်ပါတယ်။

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်အနေနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ စစ်ပြေးမှု၊ ရဲပြေးမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးအမှု စတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများစု ပါဝင်နေပြီး ၅၀၅(က)နဲ့ ပြစ်ဒဏ်ချမှတ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်ဘူးလို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၂ နေ့မှာ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့  အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းသား ၈၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပါဝင်ခဲ့တဲ့သူ အယောက် ၅၀၀ နီးပါး ဖမ်းဆီးခံထားရပြီး၊ အဲဒီထဲမှာ အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးထားပြီး ၂၀၀ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

4 mins Ago
Up