သက်တံ့ရောင်နွေဦးသူရဲကောင်း LGBTQ တွေရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု၊ မတရားမှုကို တွန်းလှန်တိုက်ထုတ်ဝံ့တဲ့ ရဲရင့်မှုတွေကို မှတ်တင်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာပါတယ်။
မေလ ၁၇ ရက် ဒီကနေ့ ကျရောက်တဲ့ "လိင်စိတ်တိမ်းညွှတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့”မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မှတ်တင်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်လိုက်တာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတဝန်း အနည်းဆုံး LGBTIQ ၁၇ ယောက် သေဆုံးခဲ့ရပြီး ၂ ယောက်ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် LGBTIQ ပေါင်း ၈၅ ယောက်ထက်မနည်း မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ပြီး အယောက် ၅၀ လောက်ကတော့ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အဲဒီလို မတရားသဖြင့် အကြမ်းဖက်ခံရမှုတွေ ခံစားကြရပေမယ့် မြောက်မြားလှတဲ့ သက်တံ့ရောင် နွေဦးသူရဲကောင်းတွေဟာ အကြမ်းဖက် စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ နွေဦးတော်လှန်ရေးရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ CDM လှုပ်ရှားမှုတွေ၊ အာဏာရှင်ကို ခြိမ်းခြောက်မှုပြုနိုင်တဲ့ သပိတ် စစ်ကြောင်းတွေ၊ ပြည်သူကို လက်နက်အားကိုး အနိုင်ကျင့်တဲ့ စစ်ကောင်စီကို တွန်းလှန်ခုခံမှုပြုနိုင်တဲ့ PDF အဖွဲ့အစည်းတွေစတဲ့ နေရာဒေသအသီးသီးကနေ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့် သိမ်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ ပြည်သူအမြောက်အမြားကို ဖမ်းဆီး၊ နှိပ်စက် အကြမ်းဖက် သတ်ဖြတ်တဲ့ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား အများအပြား ရရှိထားပြီး အဲဒီမတရားမှုကို တွန်းလှန်တဲ့ ပြည်သူများစွာကို နှိပ်စက်မှုတွေထဲမှာမှ လိင်စိတ်တိမ်းညွှတ်မှုကွဲပြားတဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှု တွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
NUG အစိုးရအနေနဲ့ LGBTIQ အင်အားစုတွေအပေါ်အခြေပြုကာ အကြမ်းဖက်ခံရခြင်းတွေအပေါ် တရားမျှတတဲ့ စီရင်နိုင်မှုတွေ ရရှိနိုင်ရေးနဲ့တကွ လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မုန်းတီးမှုတွေ ပပျောက်နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်းကတိသစ္စာပြုထားပါတယ်။
မတ် ၃၀ ရက် မနေ့က တရက်တည်းမှာတင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ရန်ကုန်တိုင်းမှာ ၁ ကြိမ်၊ မန္တလေးတိုင်း မှာ ၂ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။