ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေ ၈ ရက်ညက ဆိုင်ကယ်အရောင်းဆိုင်တွေဆီကနေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်တွေကို လိုက်လံ သိမ်းဆည်းသွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
မေ ၈ ရက် ညပိုင်းမှာ ပူတာအိုမြို့အတွင်းက ဆိုင်ကယ်အရောင်းဆိုင် ၃ ဆိုင်က ဆိုင်ကယ် စုစုပေါင်း ၇ စီးကို သိမ်းဆည်းသွားတာပါ။
"ဆိုင်ကယ်အရောင်းလိုင်စင် မရှိလို့ဆိုပြီး အကြမ်းဖက်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်လိုက်သိမ်းနေပြီး ဆိုင်ကယ်အသစ်စုစုပေါင်း ၇ စီး ပါသွားတယ်" လို့ ပူတာအိုဒေသခံက ပြောပါတယ်။
ပူတာအိုမြို့ဟာ အဖြူရောင်နယ်မြေလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းဆည်းဖြစ်တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် ၆ လမ်းဆုံ လုံခြုံရေးဂိတ်မှာ မေလ ၃ ရက် ည ၁၁ နာရီကျော်မှာ ဟားခါးဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြ်ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မေလ ၂ ရက်နေ့ကလည်း နှစ်ဘက် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးခဲ့ပေမယ့် ဟားခါးဒေသခံကာကွယ်ရေးတပ်ကတော့ ထိခိုက်သေဆုံးမှုမရှိဘူးလို့ အဲဒီတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ အယောက် ၆၀ နီးပါးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက်ကြောင့် မေလ ၂ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၉ မြို့မှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကို ကာကွယ်ဖို့ Chinland Defense Force (CDF) ကို ပြီးခဲ့တဲ့လကတည်းက ဖွဲ့စည်းထားပါတယ်။