အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေးအတွက် ပြည်သူတွေနဲ့ပူးပေါင်းပြီး အဆုံးထိ တော်လှန်သွားမယ်လို့ ကရင်အမျိုးအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) သထုံခရိုင် ဥက္ကဋ္ဌအသစ် ပဒိုစောစိုးမြင့်က ပြောဆိုလိုက်ပါတယ်။
ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်ရဲ့ ၁၂ ကြိမ်မြောက် ကွန်ဂရက်ညီလာခံကို ဇန်နဝါရီ ၂၄ ကနေ ၃၀ ရက်နေ့ထိ ၇ ရက်တာ ကျင်းပခဲ့ပါတယ်။ ကွန်ဂရက်ညီလာခံမှာ လာမယ့် ၄ နှစ်အတွင်း တာဝန်ထမ်းဆောင်ကြမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။
ကွန်ဂရက်ညီလာခံကနေ ကေအန်ယူ တပ်မဟာ (၁) သထုံခရိုင် ဥက္ကဋ္ဌအဖြစ် ပဒိုစောစိုးမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်စောစိုးမြင့်ထွေး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောအေးနိုင်တို့ကို ရွေးချယ်ခံခဲ့ရတာပါ။
ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပဒိုစောစိုးမြင့်ကတော့ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေးအတွက် ပြည်သူတွေနဲ့ ပူးပေါင်းပြီး အဆုံးထိ တော်လှန်သွားမယ်လို့ ပြောပါတယ်။
“အရင်တုန်းကထက် စာလို့ရှိရင် ပြည်သူတွေက ကျနော်တို့ဘက်မှာရှိတယ်။ အရင်တုန်းက ဆိုလို့ရှိရင် ပြည်သူတွေက မြို့ပေါ်နဲ့တောင်ပေါ်ဒေသနဲ့ နည်းနည်းခွဲခြားနေတဲ့အခါကျတော့ ဒီတောင်ပေါ်ဒေသတွေက နည်းနည်းခွဲခြားတယ်။ အခု ပြည်သူတွေက ကျနော်တို့နဲ့ တသားတည်းဖြစ်တဲ့အတွက် ပြည်သူ့အားနဲ့ အဆုံးထိ ဒီတိုက်ပွဲ အောင်မြင်တဲ့အထိ ကျနော်တို့ တော်လှန်မှာပေါ့။”
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်မှာ စစ်အင်းအားတိုးချဲ့ပြီး စစ်ဆေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက်ကြောင့် ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကောင်စီဘက်က အခုလို စစ်အင်အားတိုးချဲ့လာမှုကို ပြန်လည်ခုခံတော်လှန်ဖို့ အသင့်ပြင်ထားသလို တော်လှန်ရေးမအောင်မချင်း ဆက်လက် တိုက်ပွဲသွားမယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။
“တိုက်ပွဲကတော့ ကျနော်တို့ ဒေသမှာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့လည်း အသင့်အနေအထား အမြဲရှိနေတဲ့အခါကျတော့ သူတို့ တပ်အားပြည့်သော်ငြားလည်းပဲ ကျနော်တို့နည်းကျနော်တို့ဟန်နဲ့ ပြန်လည်ခုခံ တိုက်လိုက်ရမှာပဲလေ။ ဒီစစ်ကောင်စီကိုတော့ ဒီတော်လှန်ရေးကြီး မအောင်မြင်သရွေ့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ရဦးမှာပဲ။”
အာဏာသိမ်းစစ်ကောင်စီဟာ အခုနောက်ပိုင်း ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲမှာလည်း လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို မြေပြင်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးမြှင့်လာပါတယ်။
အခုလို အခြေအနေတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်းအကြိမ် ၂၇၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေး ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
အာဏာရူးတစ်စုကနေ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို မတရားလုယူတာ ၇ လပြည့်အနေနဲ့ အခြေခံပညာ သပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်က ပြည်သူ ရာနဲ့ချီ ပူးပေါင်း ပြီးတော့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် ဆည်းဆာသပိတ် ပြုလုပ်ကြတာ လို့ သပိတ်ခေါင်းဆောင်တစ်ယောက်က DVB ကိုပြောပါတယ်။
အာဏာရှင်စနစ်ဆိုးကို ရရာနည်းနဲ့ အမြစ်ပြတ်တော်လှန်ကြ ဆိုတဲ့ဆိုင်ဘုတ်တွေ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊PDF ကိုဝန်းရံကြ၊PDFကိုထောက်ပံ့ကြ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုပြုတ်ကရေး ကြွေးကြော်သံတွေနဲ့ အတူ ချီတက်ဆန္ဒပြ ခဲ့ကြတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်က ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုကျရေး သပိတ်တွေကို နေ့စဥ်ပြုလုပ်နေပြီးတော့ လက်နက်ကိုင်တော်လှန်ရေး၊CDM လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ လုပ်ဆောင်နေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတယ်လို့ သိရပါတယ်။