ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဝန်ကြီးများအိမ်ရာဝင်းထဲမှာ ဇွန်လ ၁၄ ရက် ညနေပိုင်းက အကြမ်းဖက်စစ်သားအချင်းချင်း စကားများပြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အရက်သေစာ သောက်စားရာကနေ စကားများပြီး ပစ်ခတ်ခဲ့ကြတာလို့ လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “အဲဒီညက ၆ နာရီကျော်လောက်ရှိပြီ အချင်းချင်း စကားများတာ အမှန်က။ ပစ်တာက ရန်ဖြစ်လို့ ရှင်းပြီးမှ ထပ်ဖြစ်ပြီ ပစ်တာ'”လို့ ပြောပါတယ်။
အကြမ်းဖက်စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ချိန်ဟာ မိုးတအားရွာနေချိန်ဖြစ်တာကြောင့် အပြင်ဘက်က ပြည်သူတွေ သိပုံမရဘူးလို့ ဆိုပါတယ်။
ဝန်ကြီးများအိမ်ရာဝင်းထဲမှာ စစ်အာဏာသိမ်းတဲ့နေ့က စတင်ပြီး ဒေသခံ စစ်တပ်က တပ်စွဲထားတာ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ မေ ၂၉ ရက်ကလည်း တိုင်းရဲ ရုံးက ရဲအရာရှိနဲ့ ရဲဒုတပ်ကြပ်တို့ စကားများရာကနေ အချင်းချင်းပစ်ခတ်လို့ ရဲဒုတပ်ကြပ် ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့အဝင် ကျောက်တလုံးကျေးရွာအနီးတဝိုက်မှာ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ စစ်သားတွေ လိုက်ပါလာတဲ့ ‘ပဒိုင်း’သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။
ကချင်ပြည်နယ်ထဲအဝင်မှာ အခုလို ပစ်ခတ်ခံရတာလို့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောပါတယ်။
“နှစ်ဘက် အပြန်အလှန်ပစ်နေကြတာ။ လက်နက်ကြီးတွေရော ပါတယ်။ ဒေသခံ တော်တော်များများကတော့ ကြောက်လန့်ပြီး ပြေးနေကြတယ်” လို့ ပြောပါတယ်။
ရွှေကူမြို့နယ်ကိုဖြတ်ပြီး ကချင်ပြည်နယ်ထဲကို ဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ အမြဲတမ်းလိုလို ပစ်ခတ်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
အခုပစ်ခတ်ခံခဲ့ရတဲ့ သင်္ဘောဟာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲက မိုးတားကျေးရွာ မြစ်ကမ်းဘေးမှာ ရေချိုးနေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်သွားတဲ့ သင်္ဘာဖြစ်ပါတယ်။