စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင် အားပေးလှုံ့ဆော်တယ်ဆိုပြီး နေပြည်တော်မှာ နေထိုင်တဲ့ မိန်းကလေးတဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့စွပ်စွဲ ဖမ်းဆီးအရေးယူလိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်က မစိုးရတနာဦး(Facebook Account - Soe Ya danar Oo)ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လှုံဆော်၊ ဝါဒဖြန့်တာတွေလုပ်လို့ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ စစ်ကောင်စီမီဒီယာက ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ပါတယ်။
မစိုးရတနာဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မစိုးရတနာဦးရဲ့ဖေ့စ်ဘွတ်ခ်ပေါ်က ရေးသားဖော်ပြချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်ပါးစေ Telegram Channel ကနေ ဖမ်းဆီးအရေးယူပေးဖို့ လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခံရတာပါ။
အွန်လိုင်းမှာ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ပို့စ်တွေတင်တာ၊ Share တာ၊ Like တာ၊ Comment ပေးတာတွေလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုပြီး စစ်ကောင်စီက အခုရက်ပိုင်းအတွင်း မိုဘိုင်းလ်ဖုန်းတွေကတဆင့် သတင်းတိုတွေ ပေးပို့နေတာလည်း ရှိပါတယ်။
စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းတာ ၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုတိုက်ပွဲအဖြစ် နိုင်ငံတဝန်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ တရားစွဲဆိုထားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ပထမအကြိမ် အဖမ်းခံခဲ့ရတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမျိုးမင်းဦးဟာ သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ခြောက်လလောက်အကြာ အောက်တိုဘာ ၂၀ ရက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
ပြန်လွတ်လာပြီးနောက် အားဖြည့်အချိုရည် ကုမ္ပဏီတခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေစဥ် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးက ရုံးခန်းမှာ အခုနှစ် စက်တင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရပြီး အခုလို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
နိုင်ငံရေးအကျဥ်းသားဟောင်းတယောက် အခုလို ပြန်လည်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူတယောက်က “ပြည်သူတွေအပေါ် စစ်ကောင်စီဟာ ရန်ငြိုးအကြီးကြီးထားတယ်ဆိုတာကို ပိုပေါ်လွင်စေတာပါပဲ။ ဘယ်သူကဘာလဲ၊ ဘယ်လိုရပ်တည်ချက်ရှိတယ် ဆိုတာကို သူတို့ စောင့်ကြည့်တယ်၊ လိုချင်ရင် ပြန်ဖမ်းသွားတယ်ပေါ့။ အရင် ရိုးရိုး ၅၀၅ ဆိုရင် အခု နှစ်ရှည်ချလို့ရတဲ့ ပုဒ်မတပ်မယ်။ ရှင်းရှင်းပြောရရင်တော့ အစွယ်ရှိရင် ထောင်ထဲထည့်သိမ်းထားမယ် ဆိုတာမျိုး လုပ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် အကျဥ်းထောင်က ပြန်လွတ်လာပြီး မိသားစုနဲ့ အတူတူနေထိုင်နေတဲ့ တခြား နိုင်ငံရေးအကျဥ်းသားဟောင်းတွေလည်း အခုလို မတရား ပြန်အဖမ်းခံရမှာကို စိုးရိမ်နေရတယ်လို့ သူကပြောပါတယ်။
ကိုမျိုးမင်းဦးနဲ့နီးစပ်တဲ့ ထားဝယ်မြို့ခံ လူငယ်တယောက်ကတော့ “သူက ပြန်လွတ်လာပြီး မြို့ထဲမှာ ပုံမှန်လို ပေါ်ပေါ်တင်တင် သွားလာနေကျပဲ။ သူ့ဟာသူ အေးဆေးနေတာ မဖမ်းလောက်တော့ဘူးထင်ပြီး နေနေတာဖြစ်မယ်။ သူ့ကို ဝင်ဖမ်းတာက သူ့အလုပ်ခွင်မှာပဲ ဝင်ဖမ်းသွားတာ” လို့ ပြောပါတယ်။
ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းတွေ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၄ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီနဲ့ တခြား ၆ ယောက်ကို ၁၀ နှစ်စီ သက်ဆိုင်ရာပုဒ်မတွေနဲ့ ထပ်တိုးထောင်ဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။