close

အကြမ်းဖက်ဖိနှိပ်မှုရပ်

close

October 27, 2021

အကြမ်းဖက်ဖိနှိပ်မှုရပ်ပြီး ဒီမိုကရေစီပြန်ဖော်ဆောင်ရန် မြန်မာစစ်တပ်ကို သမ္မတဂျိုးဘိုင်ဒင်တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ အောက်တိုဘာ ၂၆ ရက်က Virtual စနစ်နဲ့အွန်လိုင်းကနေကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ဒီလိုမျိုး စစ်တပ်အာဏာ သိမ်းထားတဲ့အတွက် အထူးစိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ အကြမ်းဖက် ဖိနှိပ်နေတာတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထောင်ချတရားစွဲထားတဲ့သူတွေကို ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လျှောက်လှမ်းဖို့ကိုလည်း သမ္မတဘိုင်ဒင်က တောင်းဆို လိုက်ပါတယ်။ 

အောက်တိုဘာ ၂၆ မှ ၂၈ ရက်အထိ ၃ရက်ကြာကျင်းပမယ့်  အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  မြန်မာနိုင်ငံက လွဲလို့ တခြား အာဆီယံနိုင်ငံ ၉ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး အာဆီယံနဲ့မိတ်ဖက် အမေရိကန်၊ တောင်ကိုရီးယား၊  တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ အာဆီယံ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားစာ ရခဲ့ပေမယ့်  နိုင်ငံ့အကြီးအကဲအဆင့်ကို ဖိတ်ကြားတာမဟုတ်ဘဲ အဆင့်နှိမ့်ပြီး နိုင်ငံခြားရေးအတွင်းဝန်ကို သာဖိတ်ခဲ့လို့ မတက်တာလို့ပြောပါတယ်။ 

အစည်းအဝေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာဆီယံက ဖယ်ကြဉ်ထားတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်သူ တစ်ဦးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း၊ ဒါပေမဲ့ ဒီဖိတ်ကြားချက်ကို စစ်ကောင်စီဘက်ကသာ ငြင်းဆန်ခဲ့တာ ဖြစ်တာကြောင့် အစည်းအဝေးမှာ "အာဆီယံ-အနုတ်တစ်" ဖြစ်ခဲ့ရတာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

Photo Credit- President Biden Twitter

6 mins Ago
Up