close

အကြမ်းဖက်မှုဥပဒေ

close

November 6, 2021

သံတွဲရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် စစ်တပ်က အမှုဖွင့်

ရခိုင်ပြည်နယ်၊ သံတွဲမြို့မရဲစခန်းမှာ  ဖမ်းဆီးခံထားရတဲ့  အမျိုးသမီး ၃ ယောက်ထဲက ၂ ယောက်ကို  စစ်ကောင်စီက  ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။

ငပလီမြို့ မဇင်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် မငြိမ်းအိဖြူကျော်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်က အသက် ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်းနဲ့ အမှတ် ၇ ရပ်ကွက်က အသက်  ၁၆ နှစ် အရွယ် ၁၀ တန်းကျောင်းသူ  မသိမ့်အေးချမ်းတို့ကို PDF တွေထံ K-Pay ကနေ တဆင့် ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရဲအင်အား အများအပြားနဲ့ ဖမ်းဆီးသွားခဲ့တာပါ။

“သူတို့ကို PDF ကို ငွေထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ။ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ် တဲ့။ ၁၆ ရက်နေ့အထိ ရမန်ယူထားတယ်။ ဒီနေ့ ဘဏ်က မန်နေဂျာကို ရဲကခေါ်စစ်မယ်လို့ သိရတယ်” လို့ မိသားစုတွေနဲ့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

မတင်စန္ဒာဝင်းနဲ့ မငြိမ်းအိဖြူကျော်တို့နှစ်ဦးကို အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ထားပြီး ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်း ကိုတော့ အမှုမဖွင့်သေးဘဲ  သံတွဲမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ရဲစခန်းမှာ သွားမေးတော့ အထက်က ခိုင်းတာကိုလုပ်နေတာ။ သူလုပ်စရာရှိတာကို ဆက်လုပ်သွားမယ်လို့ ပြောတယ်။ သိမ့်အေးချမ်းက အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ အချုပ်ထဲမှာ ထည့်မထားဘူးလို့ပြောတယ်။ နောက်ကောင်မလေး ၂ ယောက်ကိုတော့ အပြင်ထုတ်ရင် လက်ထိပ်ခတ်တယ် ” လို့ နီးစပ်သူ တယောက်က ပြောပါတယ်။

မတင်စန္ဒာဝင်းကတော့ ဒီအရင်ကလည်း ရဲစခန်းက ခေါ်ယူစစ်ဆေးတာကို ခံခဲ့ဖူးပြီး သူ့အိမ်ကို ရဲတွေလာရှာနေပြီဆိုတာ သိခဲ့ပေမဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမှာစိုးလို့ ရှောင်မသွားဘဲ ဖမ်းခံလိုက်တာ လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် နန်းချောင်းရွာနဲ့ ငပလီမြို့၊ မဇင်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် မမြတ်ရည်ဖြိုးကျော်တို့ကိုလည်း ရဲက ဖမ်းဆီးခဲ့ပြီး နန်းချောင်းရွာက အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ PDF အဖွဲ့နဲ့ ဆက်သွယ်ကြောင်း သံသယနဲ့  ဖမ်းဆီးခံရသူ  ပြည်သူ ၅  ဦး အထိ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်က‌နေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

11 mins Ago

December 6, 2020

အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခံရသူများကို စားနပ်ရိက္ခာ လှူဒါန်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၂ ဦးကို မြတန်းဆောင်ဖောင်ဒေးရှင်းက စားနပ်ရိက္ခာအချို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ မိသားစုတွေနဲ့ တွေ့ခွင့် မရသလို စားနပ်ရိက္ခာပေးခွင့်မရတာတွေကြောင့် အခုလို သွားရောက်လှူဒါန်းရတာလို့ မြတန်းဆောင်းဖောင်ဒေးရှင်းဦးဆောင်ဆရာတော်က မိန့်ပါတယ်။ “အခုက ကိုဗစ်-၁၉ ကာလဖြစ်နေတယ်၊ အဲဒီအတွက်ကြောင့် မိသားစုတွေကလာပြီးတော့ ထောင်ဝင်စာ လာမတွေ့နိုင်ကြဘူး၊ တွေ့ခွင့်လည်းမရကြဘူး။ ဒီလူတွေထဲမှာ တချို့က နယ်ဝေးက ဖမ်းဆီးခံနေရတဲ့သူပါတယ်၊ လာဖို့ခက်ခဲတယ်။ မပြည့်စုံတဲ့ မိသားစုတွေအနေနဲ့လည်း ဒီလောက် ဝေးလံခရီးကို ငွေကုန်ကျေးကျခံပြီးတော့ လာဖို့ ခက်ခဲတာတွေကြောင့် ထောင်ထဲကိုရောက်နေသူတွေ အခက်အခဲရှိနေတာကို ကိုယ်တော်တို့ကြားသိရတဲ့အတွက် မြတန်းဆောင်းဖောင်ဒေးရှင်းကနေပြီးတော့ တတ်နိုင်သလောက် လာရောက်လှူဒါန်းပေးတာ။”  ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူတွေ သံသယနဲ့ဖမ်းဆီးခံနေရတာဟာ လူအခွင့်အရေး ချိုးဖောက်ခံနေရတာလို့လည်း ဆရာတော်က မိန့်ပါတယ်။ “စစ်ရေးနဲ့မပတ်သက်တဲ့ ပြည်သူတွေ သံသယနဲ့ ဖမ်းဆီးခံနေကြရတယ်၊ အဲဒီလိုဖမ်းမယ်ဆိုရင်တော့ ရခိုင်တစ်ပြည်နယ်လုံးကို ဖမ်းရမလိုဖြစ်နေတယ်။ အဲဒီလို ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘဲနဲ့ ဖမ်းနေမယ်ဆိုရင် ဒီထက်ပိုလို့များလာမှာဖြစ်တယ်။ ဒီဟာက စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။ နောက်တစ်ချက်က လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်ခံနေရတာလည်းဖြစ်တယ်။” ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က အေအေနဲ့ ဆက်စပ်တယ်ဟုဆိုပြီး ကျေးရွာနေသူအချို့ကို သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ပြီးနောက် အချို့ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ အချို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူအကျဉ်းထောင်ကို ပို့ဆောင်ထားတာ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။ နောင်နောင်
11 months Ago
Up