close

အကြမ်းဖက် မီးရှို့ဖျက်ဆီး

close

August 10, 2022

ဒီပဲယင်းမြို့နယ်တွင် ပြည်သူ့နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၈ ရက်မှာ ဝင်ရောက်ပြီး အကြမ်းဖက်မီးရှို့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အနီးပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူတွေကိုလည်း အသံချဲ့စက်နဲ့ ဆဲဆိုကာ စိန်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်

မူးခမ်းဒေသခံတဦးက “စိန်ခေါ်တာကတော့ ယုတ်ယုတ်မာမာပါပဲ။ အသံချဲ့စက်ကြီးနဲ့ အော်ပြီး မအေ(--)တွေ၊ မင်းတို့ ငါတို့ကို လာပစ်လှည့်ကြ။ မင်းတို့လာမပစ်ရင် မင်းတို့ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေ အကုန်မီးရှို့ပစ်မယ်၊ အဲလိုတွေ အော်တယ်။ ဒေသခံတွေကတော့ ရှောင်နေရတာပေါ့ဗျာ။ ဒီကောင်တွေက အစိုးရတဲ့ကောင်တွေမှ မဟုတ်တာ။ အချိန်ပြည့် မူးကန်းနေကြတဲ့ ကောင်တွေဆိုတော့ သူတို့ မထင်တိုင်း လက်နက်ကြီးတွေနဲ့ နေရာစုံကို ပစ်ခတ်နေကြတာ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ဟာ မူးကမ်းရွာထဲ တပ်စွဲနေထိုင်ကာ ကျေးရွာအတွင်းက နေအိမ်တွေကို ဩဂုတ် ၈ ရက်နဲ့ ၉ ရက်က တနေကုန် မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ပြုလုပ်နေတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ မူးကမ်းကြီး ဒေသခံတွေနဲ့ အဲဒီကျေးရွာအနီးပတ်လည်က ကြောင်ရှာတော၊ ဆူးတပ်၊ မိချောင်းအိုင် စတဲ့ကျေးရွာတွေက ဒေသခံတွေ ‌ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ လက်လှုပ်ရွာကနေ စစ်ကြောင်း ၄ ကြောင်းခွဲပြီး မူးကမ်းရွာကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာလည်း ဩဂုတ် ၈ ရက်က ကလေးနည်းပညာတက္ကသိုလ် ကျောင်းကနေ ကျွန်းတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကလေး PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့  အတည်မပြုနိုင်တဲ့အကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

PDF ရဲဘော် ကိုနေ့သစ်က “GTC ဘက်ကနေ စစ်ကြောင်းထိုးလာတာ၊ အသင့်စောင့်ဆိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ တိုက်ပွဲကတော့ နာရီဝက်လောက်ပါပဲ၊ ဒါပေမဲ့ သူတို့ဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

ဩဂုတ် ၅ ရက်ကလည်း ကမ်းပါးနီစစ်ဆေးရေးဂိတ်က ထွက်လာတဲ့ စစ်ကားတစီးကို မြောင်းချောင်းတံတားအနီးမှာ ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ ပြည်သူလူထု နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

9 hours Ago

May 18, 2022

မြိုင်မြို့နယ်တွင် စစ်တပ်က အကြမ်းဖက်မီးရှို့ပစ်ခတ်မှုကြောင့် ပြည်သူသောင်းချီ ထွက်ပြေးနေရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ မေလဆန်းကစပြီး စစ်ကောင်စီတပ်က ရွာစဉ်လှည့်ပြီး အကြမ်းဖက်ပစ်ခတ်မီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး လက်နက်ကြီးကျည်ထိမှန်တာကြောင့် သက်ကြီး အဘိုးအဘွားအပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်ဟာ စီးပွားဖြစ်ရေနံလုပ်ငန်းတွေကနေ တနိုင်တပိုင် ရေနံတွင်းတွေအထိ လုပ်ငန်း လုပ်ကိုင်ကြတဲ့အရပ်ဖြစ်ပြီး ရေနံလုပ်ငန်းရှင်တွေက PDF တွေကို ထောက်ပံ့နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေတာပါ။

မြိုင်ဒေသခံပြည်သူတစ်ဦးက “ခုလတ်တလောတော့ မြိုင်မြို့နယ်မှာ စစ်ကြောင်းတွေက သုံးကြောင်းလောက် ထိုးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မီးတွေ ရှို့နေတဲ့အတွက် ကျနော်တို့ မြိုင်မြို့နယ်ကတော့ တော်တော်လေးကို ဒုက္ခရောက်နေတာပေါ့။ စစ်ဘေးရှောင်တဲ့သူတွေကလည်း အများကြီးဖြစ်နေပြီ။ ရွာတွေကိုလည်း အခုလက်ရှိအထိ ဆက်တိုက်ကို မီးရှို့နေတာ။ လက်နက်ကြီးတွေနဲ့လည်း လှမ်းလှမ်းပစ်နေတာ အများကြီး ကြုံနေရတဲ့အတွက် မြိုင်မြို့နယ်က တော်တော်လေး ဒုက္ခရောက်နေတဲ့အတွက် စစ်ကောင်စီက ဒါမျိုးတွေကို လုံးဝရပ်သင့်တယ်လို့ပဲ ကျနော်က ယူဆပါတယ်” လို့ ပြောပါတယ်။

မြိုင်မြို့ပေါ်မှာ ပြည်သူတွေဟာ မနေရဲတော့ဘဲ ကျေးရွာတွေနဲ့ တောတောင်တွေမှာ စစ်ဘေးရှောင်နေရပါတယ်။ မြိုင်မြို့ပေါ်မှာ အဖမ်းအဆီးကြမ်းတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေပါတယ်။ 

မေလ ၁၃ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ် မီးရှို့တာတွေ ခံခဲ့ရတဲ့ ရွာရှည်ရွာ (ခေါ်) ပိတောက်ကန်ရွာမှာ အိမ်ခြေ ၆၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ သက်ကြီးဘိုးဘွား ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာသူတဦးက “ဒုက္ခရောက်တာတော့ မပြောနဲ့တော့ အကို။ ၁၃ ရက်နေ့ကို လက်နက်ကြီးနဲ့ထုတာ ကျမတို့က ၁၂ ရက်နေ့ကတည်းက တရွာလုံးပြေးရတာ အကို။ မပြေးနိုင်တဲ့သူတွေလောက်ပဲ ကျန်တာ။ တောတွေထဲမှာ အကုန်ဆင်းနေရတာ။ ပြောမပြတတ်လောက်အောင်ကို မုန်းတီးရွံရှာတာ။ စစ်ကိုင်းဘက်မှာ မီးရှို့တယ် ဆိုတာတွေကို ကြားတယ်။ ဒါပေမဲ့ ကျမတို့ဘက်မှာ မီးရှို့ခံရတာ မျက်စိတပ်အပ်မြင်တာ မရှိသေးဘူး။ ပုလဲနယ်ဘက် ရှို့တုန်းကလည်း ဝေးတယ်လေ။ အခုလက်တွေ့မျက်မြင် ကြုံလိုက်တဲ့အခါကျမှ တော်တော်လေးကို ရွံရှာစိတ်တွေက ပိုပိုဆိုးလာတာဗျ။ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ ကျမတို့ တောသူတောင်သားတွေအပေါ် ရက်စက်ယုတ်မာတယ်။ ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ဒီလို ဖျက်ဆီးတယ်။ တော်ပြီ၊ ငါတို့ မတော်လှန်ရဲတော့ဘူး ဆိုတဲ့စိတ် လုံးဝမရှိတော့ဘူး အကို။ ပိုပြီးနာကြည်းတဲ့စိတ်နဲ့ ပိုပြီးတော်လှန်မယ်ဆိုတဲ့စိတ်ပဲ ထားတယ်၊ ကျမတို့ တောသူတောင်သားတွေ အကုန်လုံးပဲ။”

စစ်ကောင်စီက မေ ၁ ရက်နေ့ကစပြီး မြိုင်မြို့နယ်ထဲမှာ အကြမ်းဖက်ပစ်ခတ်တာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှာ နေအိမ် ၇၁ လုံး၊ နှမ်းစကျင်းကျေးရွာမှာ နေအိမ် ၄လုံး၊ သံဘိုကြီးကျေးရွာမှာ နေအိမ် ၄ လုံး၊ ပိတောက်ကန်ရွာမှာ နေအိမ် ၆၅ လုံး၊ လက်ယက်မကျေးရွာမှာ အိမ်ခြေ ၂၀၀၀ ကျော် ရှိတဲ့အထဲက အိမ်ခြေ ၁၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မြိုင်မြို့နယ်ထဲမှာ သောင်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေး တာဝန်ခံကတော့ အနောက်မြောက်တိုင်းစစ်ဒေသထဲက တိုက်ပွဲသတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အကြမ်းဖက်မှုတွေနဲ့ မီးလောင်ကျွမ်းမှုတွေဟာ သူတို့လက်ချက် မဟုတ်ဘဲ ဒေသတွင်း PDF တွေက ပြုလုပ်နေတာလို့ ပြန်လည်စွပ်စွဲလေ့ရှိ ပါတယ်။

3 months Ago
Up