close

အကြောင်းမဲ့ပစ်သတ်

close

March 24, 2023

ဘီးလင်းတွင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မတ် ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လူငယ် ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါက်ရပ်ကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေး ရပ်နေတဲ့ လူငယ် ၂ ဦးကို သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

ကားလမ်းဘေး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ လူငယ် ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထာပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ လူငယ် ၂ ဦးဟာ ဒေါက်ရပ်ကျေးရွာ ဒေသခံတွေ ဖြစ်ပြီး အ‌သေးစိတ် အချက်အလက် ဆက်လက်စုံစမ်းနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ အဲဒီလူငယ် ၂ ဦးဟာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်နေသူတွေ ဖြစ်ပြီး လက်လုပ်မိုင်း ၂ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။

ဒေါက်ရပ်ကျေးရွာ လူငယ် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရမှုအပေါ်ကို ကျေးရွာဒေသခံတွေထံ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်က အမြဲလို လာရောက် ကင်းပုန်းဝပ်တာတွေ ရှိနေတာပါ။

9 hours Ago

January 7, 2022

စစ်ကောင်စီတပ်က နတ်ချောင်ကျေးရွာပြည်သူ အနည်းဆုံး ၈ ဦးကို အကြောင်းမဲ့ပစ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ရက်နေ့ ညပိုင်းမှာ ဝင်ရောက်လာပြီး မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အနည်းဆုံး ပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ နတ်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

အခြေအနေ တည်ငြိမ်ပြီလို့ ထင်မှတ်ပြီး ကျေးရွာအတွင်း  နေထိုင်ဖို့ ပြန်ဝင်လာတဲ့ ပြည်သူတွေကို တွေ့ရာနေရာမှာ စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ 

နတ်ချောင်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်တာကြောင့်  မိမိတို့နေအိမ်တွေ အခြေအနေတွေကို  ကျေးရွာအတွင်းပြန်လည်ဝင်ရောက်ကြည့်ရှုစဉ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးကိုလည်း  မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်းက ရန်ကင်းဘုန်းတော်ကြီးကျောင်းမှာ ခိုအောင်းနေထိုင်ကြပြီး အရပ်ဝတ်များ ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။

“အရပ်ဝတ်တွေ ဝတ်ထားကြတယ်၊ ရွာထဲပြန်ဝင်တဲ့သူတွေကလည်း သူတို့မရှိတော့ဘူးထင်လို့ ပြန်ဝင်ကြတာ။ အရပ်ဝတ်နဲ့စစ်သားတွေကို မရှိဘူးပဲထင်တာ၊ တောထဲမှာ နေရတာကြာပြီလေ၊ နေရတာဒုက္ခများတော့ ခဏပြန်ဝင်လာကြတာကို သူတို့က အကုန်ပစ်သတ်တယ်။ အရပ်ဝတ်နဲ့ ပေမယ့် ကျည်ကတ်တွေတော့ သူတို့ဆီမှာ ပါတယ်။ လမ်းကြားတွေထဲထိ လိုက်ပစ်သတ်တယ်။ ပစ်ခံရတဲ့သူ တော်တော်များပါတယ်။ ၁၀ ဦးမကဘူး ရှိလောက်မယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း “နတ်ချောင်ကျေးရွာသို့ စစ်(-) တစ်စုဝင်ရောက်လာကာ သာမန်ပြည်သူများကို တွေ့ရာနေရာမှာ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ သေဆုံးသူစာရင်းတိကျစွာ မသိရှိရသေးပါ။ ရှစ်ဦးအနည်းဆုံးရှိမယ်လို့ သတင်းရရှိထားပါသည်။ (-) မျိုးတွေ လုပ်ထားကြအုံးပေ့ါကွာ၊ ငါတို့ ပြည်သူတွေ အလှည့်ရောက်ရင်လည်း ခံနိုင်ရည်ရှိပါစေ အလှည့်ကျ မနွဲ့ကြစတမ်းပေါ့”လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ကလေးမြို့နယ် ချောင်းခွကျေးရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက်အခြေချနေပြီး အမှတ် ၄ ရပ်ကွက် ဘုရားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ပြည်သူပိုင်မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေခဲ့ကြတာလို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းကလည်း ကျေးရွာအတွင်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွကျေးရွာနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလ မြို့အနီးမှာလည်း စစ်ကောင်စီ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။

1 year Ago
Up