မန်ယူအသင်းဟာ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကို အကြံပေးအဖွဲ့ရဲ့အကြီးအကဲအဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
အသင်းရဲ့အကြံပေးအဖွဲ့ထဲမှာ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ရော့ဆင်၊ အသင်းအမှုဆောင်အရာရှိချုပ်ဟောင်း ဒေးဗစ်ဂီးလ်နဲ့ လက်ရှိ အသင်းဒါရိုက်တာ ဂျွန်မာတော့ချ် တို့လည်းပါဝင်ပါတယ်။
အကြံပေးအကြီးအကဲ ဖာဂူဆန်အနေနဲ့ အသင်းနည်းပြချုပ်ရာထူးကနေ ထွက်ခွါပြီးနောက်ပိုင်း အသင်းအပေါ် ပိုမိုပါဝင်ပတ်သက်ရမယ့် တာဝန်တစ်ခု ပြန်လည်လုပ်ဆောင်သွားရမှာပါ။
အသက် ၈ဝ နှစ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ၂၀၁၈ ခုနှစ်က ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး မန်ယူအသင်းအကြံပေးအဖွဲ့မှာ အချိန်ကြာရှည် စွာတာဝန်ယူနိုင်တော့မှာတော့ မဟုတ်ဘူးလို့သိရပါတယ်။
အသက်အရွယ်ကြီးရင့်လာတဲ့ နည်းပြဟောင်း ဖာဂူဆန်ကိုပြန်လည်ခေါ်ယူလိုက်တဲ့အပေါ် မန်ယူပရိသတ်တွေကတော့ သဘောထား အမျိုးမျိုးကွဲပြားနေကြပါတယ်။
လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့အကြံပေးအနေနဲ့ သေချာပေါက်ဆက်ရှိနေမယ်လို့ နည်းပြ ရင်းနစ်ခ်က ဖြေရှင်းသွားပါတယ်။
နည်းပြရင်းနစ်ခ်ဟာ သြစတြီးယားလက်ရွေးစင်နည်းပြဖြစ်လာမယ်လို့ သတင်းထွက်ပေါ်နေပြီး ချဲလ်ဆီးအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ရင်းနစ်ခ်က ဖြေရှင်းခဲ့တာပါ။
အသင်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ပဲ မေးခွန်းပေးကြဖို့နဲ့ လာမယ့်ရာသီမှာ အသင်းအကြံပေးအဖြစ် ဆက်ရှိနေမယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ နည်းပြရင်းနစ်ခ်က ပြောသွားခဲ့တာပါ။
“အခုချိန်အထိ နည်းပြသစ် တန်ဟတ်ချ် နဲ့ စကားမပြောရသေးပေမယ့် အသင်းကို ပိုကောင်းလာစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကူညီမှုတွေလုပ်ဆောင်ပေးဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ တခြားအလုပ်တခုခုအတွက် အားလပ်ချိန်ပေါ်လာနိုင်ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အကြံပေးအနေနဲ့ ဆက်ပြီးတာဝန်ယူဖို့ ကျနော်တို့ သဘောတူညီမှုရခဲ့ပြီးသားဖြစ်တယ်။ အကြံပေးအနေနဲ့ ဆက်ရှိမယ်ဆိုတာ ကျနော့်ဘက်က သေချာ ပေါက်အတည်ပြုနိုင်ပါတယ်။”
သတင်းတချို့မှာတော့ နည်းပြရင်းနစ်ခ်ဟာ ယူနိုက်တက်အကြံပေးတာဝန်ယူဆက်ယူမယ့်အပြင် သြစတြီးယားလက် ရွေးစင်နည်းပြရာထူးအတွက်လည်း လက်ခံစဉ်းစားဖို့ရှိတယ်လို့ သိရပါတယ်။