ဝက်ဘ်ဆိုက်အတုတွေကနေ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ရဲ့ ၇၄ နှစ်ပြည့် ကံစမ်းမဲ အစီအစဉ်ဆိုပြီး ပြည်သူတွေရဲ့ အချက်အလက် ရယူနေတဲ့ လိမ်လည်မှုတွေ ဖြစ်ပေါ်နေတယ်လို့ MNA က နိုဝင်ဘာလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဝက်ဘ်ဆိုက်အတုတွေကနေ မြန်မာအမျိုးသားလေကြောင်းလိုင်းက ငွေသားဆုပေးတယ်ဆိုပြီး လိမ်နေတာကြောင့် ခရီးသွားတွေအနေနဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက် ဒါမှမဟုတ် ငွေပို့ပေးတာတွေ ရှောင်ဖို့နဲ့ ဝက်ဘ်ဆိုက်အတုတွေကို မတုံ့ပြန်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လိမ်လည်ခံရသူ အများစုဟာ MNA လေကြောင်းလိုင်း စီးနင်းဖူးသူတွေနဲ့ လေဆိပ်ဝန်ထမ်းတွေ ဖြစ်ပြီး အဲဒီဝက်ဆိုဒ်တွေကနေ link တွေ ပေးပို့ကာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ရယူ နေတာလို့ MNA ဝန်ထမ်း တဦးက ပြောပါတယ်။
“MNA မှာ ဝန်ထမ်းဖြစ်လာတာ ကြာပြီ။ ညက ဖုန်းနိုတီထဲ MNA ဆိုပြီး ဝင်လာတော့၇၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲပေးမယ်ဆိုပြီး ပေါ်တယ်။ ဝင်ကြည့်တော့ မဲနှိုက်ရတယ်။ ဒေါ်လာ ၄၀၀ ပေါက်တာ။ အဲဒါကို ထုတ်ချင်ရင်တဲ့ Form ကြေး ၂၅ ဒေါ်လာ သွင်းရမယ်လို့ ပါတယ်။ မနက် ရုံးရောက်မှ အလိမ်ခံရတာ သိတယ်။"
အဲဒီဝက်ဘ်ဆိုဒ်တွေက ပေးပိုတဲ့လင့်ခ်ကို ဝင်ကြည့်မိပါက သုံးစွဲသူတွေရဲ့ အချက်အလက် အပါအဝင် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ပို့လာတဲ့ app တခုခုကို Download ဆွဲမိရင်လည်း tracking အလိုက်ခံရတာနဲ့ ကိုယ်ရဲ့ တနေ့တာ လှုပ်ရှားမှုတွေကို ဖုန်းကနေ သိရှိသွားနိုင်တယ်လို့ နည်းပညာရှင် တဦးက ပြောပါတယ်။
MNA ဝက်ဘ်ဆိုဒ်က link ရသူ တဦးက “အရင်ကတည်းကတော့ အခုလို spam link တွေ ပို့ခံ ရဖူးတယ်။ Online shop လုပ်တော့ Ads ပုံစံ တက်လာတာ။ Mytel ပုံစံနဲ့လည်း တွေ့ဖူးတယ်။ ကြော်ငြာတက်ပြီး မဲပေါက်တယ်။ ဘယ်လောက် သွင်းရမယ်ပေါ့" လို့ ပြောပါတယ်။
ဝက်ဘ်ဆိုဒ်အတုတွေသာမက လေယာဉ်လက်မှတ် ရောင်းတဲ့ MNA အမည်နဲ့ ဆိုရှယ်မီဒီယာ အတုတွေ ရှိနေတဲ့အပြင် MNA နည်းတူ အောက်တိုဘာ ၁၂ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI နာမည်နဲ့ ခရီးသည်တွေ လိမ်လည်ခံခဲ့ရပါသေးတယ်။
စင်ကာပူတယ်လီဆက်သွယ်ရေးကုမ္ပဏီလီမိတက်က ပိုင်ဆိုင်တဲ့ သြစတြေးလျရဲ့ ဒုတိယအကြီးဆုံး တယ်လီကွန်း Optus ဟာ နိုင်ငံရဲ့ အကြီးမားဆုံး ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်ခံရမှုတခုမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရယူခံလိုက်ရတဲ့ သုံးစွဲသူပေါင်း ၉ ဒသမ ၈ သန်းကို ဆက်သွယ်မှာဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကမ်းလွန်အခြေစိုက်အဖွဲ့အစည်းတခုဟာ ကုမ္ပဏီရဲ့ ဖောက်သည် အချက်အလက်တွေဆိုင်ရာ ဒေတာဘေ့စ်ထဲကို ချိုးဖောက်ပြီး အိမ်လိပ်စာတွေ၊ ယာဉ်မောင်းလိုင်စင်နဲ့ နိုင်ငံကူးလက်မှတ် နံပါတ်တွေအထိ ဝင်ရောက်ယူသွားခဲ့တဲ့အတွက် ဒေါသထွက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း Optus ရဲ့ အမှုဆောင်အရာရှိချုပ် Kelly Bayer Rosmarin က ပြောပါတယ်။
လုံခြုံရေးဖောက်ဖျက်မှုကြောင့် သြစတြေးလျလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ထိခိုက်ခဲ့ပေမဲ့ ဒါက လုံးဝ အဆိုးဆုံးအခြေအနေဖြစ်ပြီးတော့ အရေအတွက်က အဲဒီထက်လည်း နည်းပါးနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တိုက်ခိုက်သူတွေ ရရှိသွားတဲ့ အချက်အလက်တွေကို ပြန်တည်ဆောက်နေကြောင်းနဲ့ အရေးကြီးတာကတော့ အဲဒါဟာ အလွန်သေးငယ်တဲ့ ဒေတာအုပ်စုဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက် တခုမှ မပါဝင်ဘူးလို့ ဆိုပါတယ်။
ဒါဟာ ရာဇဝတ်မှုဖြစ်နိုင်သလို ပြည်နယ်အခြေစိုက် ကျူးလွန်သူတွေလည်း ဖြစ်နိုင်တာကြောင့် အစိုးရအာဏာပိုင်တွေနဲ့ အနီးကပ် လုပ်ဆောင်နေကြောင်းနဲ့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ဒါကို စစ်ဆေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အဓိက တယ်လီကွန်းတခုအနေနဲ့ Optus ဟာ သူ့ကိုယ်သူ ဆိုက်ဘာတိုက်ခိုက်သူတွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး သူ့စနစ်တွေထဲ ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေကို ပုံမှန်တွန်းလှန်ခဲ့တယ်လို့ ကုမ္ပဏီစီအီးအိုက ပြောပါတယ်။
ထူးခြားချက်ကတော့ အရင်က မြင်ဖူးထားခဲ့သမျှနဲ့ ဆင်တူတာမဟုတ်သလို မမျှော်လင့်ဘဲ အဆင်ပြေသွားခဲ့တယ်လို့လည်း သူကဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေကတော့ စက်တင်ဘာ ၂၂ ရက်က ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။