လွိုင်ကော်အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၂၀ မမ ၂ လုံး မိုးဗြဲ စက်တော်ရာ တောင်ကုန်းပေါ်ကျပြီး အဲဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ ၆၆ က တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက်က မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲ့ စနိုက်ဘာ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီက တာဝေးပစ် လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး လွိုင်ကော်အမြောက်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဟာ သူတို့တပ်ဖွဲ့အခြေစိုက်ရာ စက်တော်ရာတောင်ကုန်းပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် စစ်ကောင်စီဘက်က အသေအဆုံး အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက် မွန်လွဲပိုင်းမှာလည်း ဒီးမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်းက လက်နက်ဂိုဒေါင် ပစ်ခတ်ခံရလို့ မီးလောင်ပေါက်ကွဲ ပျက်စီးခဲ့ကြောင်း KNDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဧပြီ ၂၂ ရက်က စစ်ကောင်စီတပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မိလို့ တပ်သားငယ် တယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အင်းလယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မူးယစ်သောက်စားပြီး အချင်းချင်းရန်ဖြစ်ရာက တပ်ကြပ်တယောက်က စစ်သားငယ်တယောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သားငယ်ဟာ သေနတ်ဒဏ်ရာအပြင်ကို မျက်နှာတခုလုံး ဖူးရောင်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ မြို့ခံတစ်ယောက်က ပြေပါတယ်။
“သူတို့က စီနီယာက ဂျူနီယာကို ပညာပေး ဆုံးမတာဆိုပြီး ရိုက်တာတဲ့။ နောက်တော့ ပစ်ခတ်မှုအထိ ဖြစ်သွားတယ်ထင်တယ်။ ညက သေနတ်အသံတော့ ကြားလိုက်တယ်။ မြို့အဝင် အင်းလယ်ဘက်က စစ်ဆေးရေးဂိတ်မှာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ သူတို့ကလည်း အဲဒီကိစ္စကို အတင်းလိုက်ဖုံးနေတယ်။ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေတောင် မေးလို့မရဘူး၊ သေတဲ့တပ်သားက ကလေးစစ်သားလေးပဲ အသက် ၁၆၊ ၁၇ လောက်ပဲရှိသေးတာ သင်တန်းတောင် မတက်ရသေးဘူးတဲ့။”
အင်းလယ် စစ်ဆေးရေးဂိတ်မှာဟာ ဒေသခံတွေကို တင်းကျပ်စစ်ဆေးနေတဲ့ ဂိတ်တခုဖြစ်ပြီး ဆိုင်ကယ်တွေ စက်ရပ်ပြီးတွန်းသွားမှ ဝင်ခွင့်ပြုတဲ့အကြောင်း၊ ကိုဗစ်-၁၉ ဆေးထိုးပြီးတဲ့ လက်မှတ်ပါမှ သွားလာခွင့်ပြုသလို မိန်းကလေးတွေ၊ သက်ကြီးရွယ်အိုတွေ မရှောင် သေနတ်နဲ့ချိန်ပြီး ဆဲဆို ရိုင်းစိုင်းနေတဲ့ဂိတ် ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သားရဲ့ အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဒီနေ့ ဧပြီ ၂၂ ရက်မှာ သူ့ရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ရှိနေပါတယ်။