close

အချိန်အခါမဟုတ် မိုးရွာသွန်းမှု

close

April 26, 2023

တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင် အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ဟု မိုးဇလ ခန့်မှန်း

ရန်ကုန်၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ လာမယ့်တပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

ဧပြီ ၂၆ ရက် ညနေပိုင်း တိုင်းထွာချက်အရ ဧပြီ ၃၀ ရက်ကနေ မေ ၃ ရက်အတွင်း အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်း‌‌တွေရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေနဲ့ အပူပျံတက်တိမ်‌တွေ ဖြစ်ထွန်းမှု အားကောင်းနေတာကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလဌာနက အသိပေး ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မိုးတိမ်တောင်‌‌တွေ ဖြစ်ထွန်းတာ၊ အချိန်အခါမဟုတ် မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းပြီး မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ကြိုတင်သတိပေးထားပါတယ်။

ဒါ့အပြင် နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဧပြီလအတွင်းက နိုင်ငံတဝန်း မြို့အများစုရဲ့ နေ့အပူချိန်ဟာ သိသိသာသာတိုးလာပြီး တချို့မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်တဲ့အထိ ရောက်ရှိနေပါတယ်။

အပူချိန်လွန်ကဲမှုကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့မှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု တွေ့လာရတာကြောင့် သတိပြုကြဖို့ ကျန်းမာသတိပေးမှုတွေ ရှိနေသလို အပူရှိန်ကြောင့် မိုးခေါင်နိုင်မယ့် အခြေအနေ၊ ဆည်ရေခန်းခြောက်မှုတွေ၊ ဆည်ရေခန်းတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သောက်ရေ သုံးရေအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားကြဖို့ ကျွမ်းကျင်သူတွေကလည်း သတိပေးထားကြပါတယ်။

9 mins Ago

April 3, 2023

ရခိုင်တွင် အချိန်အခါမဟုတ် မိုးရွာသဖြင့် ဆားတောင်သူများ ဆုံးရှုံးမှုများနေ

ရခိုင်ပြည်နယ်မှာ ဧပြီ ၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် မြို့နယ်တချို့က ဆားလုပ်ကွင်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့တယ်လို့ ဆားတောင်သူတွေနဲ့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု မိုးရွာသွန်းခဲ့မှုကြောင့် ဆားကန်တွေ၊ ဆားကွင်းတွေနဲ့ အခုရက်ပိုင်းအတွင်း ကောက်ဖို့ ပြင်ဆင်ထားကြတဲ့ ဆားကြမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့် ပျက်ဆီးသွားတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနဲ့ ဆားလုပ်ငန်းရှင်တဦးဖြစ်သူ ဦးထွန်းကြွယ်က ပြောပါတယ်။

“မိုးက ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီကနေ နေ့လယ် ၁ နာရီကျော်အထိ ၁ နာရီကျော်လောက် သည်းထန်စွာရွာခဲ့တယ်။ ဆုံးရှုံးမှုတွေက တော်တော်လည်းကို များတယ်။ ဒီနှစ် တနှစ်စာ ကြိုးစားထားတဲ့ ဆားတွေက အခုလာမယ့် တလအတွင်း ကောက်မယ့်ဆားတွေ၊ တပတ်အတွင်း ရောက်မယ့် ဆားတွေ၊ အခု ဒီနေ့ကောက်ဖို့ လုပ်နေတဲ့ ဆားတွေလည်း ဒီမိုးမှာ တော်တော်လေးကို ထိသွားတယ်။ ပျက်စီးမှုကတော့ ဆားကွင်းတွေ တိုင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျွန်းမှာ ဆားလုပ်ကွင်း ၂၂ ကွင်းရှိပြီး အကုန်လုံး မိုးထိပြီး ဆုံးရှုံးမှုတွေ ရှိကြတယ်လို့ သူက ပြောပါတယ်။

အခု ပျက်စီးသွားတဲ့ ဆားကွင်းတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် နောက်ထပ် ၂ ပတ်လောက်အထိ အချိန်ယူရမှာဖြစ်ပြီး မိုးရွာရင် ဆားတောင်သူတွေအတွက် တော်တော်လည်း အထိနာတယ်လို့ ကျောက်ဖြူမြို့နယ်က ဆားတောင်သူတဦးက ပြောပါတယ်။

“ဆားကွင်းတွေတော့ တော်တော်လည်းကို ပျက်စီးသွားတယ်ဗျာ။ ဆားကန်တွေ၊ နေလှန်းပြီး ဆားခြစ်တော့မယ်၊ ဆားကြမ်းတွေနဲ့ ခုတင်ထဲ သွင်းတော့မယ်၊ ဆားတွေလည်း မိုးထိသွားကြတယ်။ ဒီဟာတွေ ပုံမှန်ပြန်ရဖို့ အနည်းဆုံး အချိန် ၂ ပတ်ကျော်လောက် လိုတယ်။ နွေမိုးရွာရင်တော့ ဆားတောင်သူတွေရဲ့ လုပ်ငန်းတွေလည်း တော်တော်လည်းကို အထိနာတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်က ထုတ်လုပ်တဲ့ ဆားတွေမှာ ပင်လယ်ရေကို သန့်စင်ပြီးမှ ဆားလုပ်ကွင်းတွေမှာ နေလှန်ဆားအဖြစ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဆားထုတ်လုပ်တဲ့ ထုတ်ကွက်ဧက ၁၀၀၀ ကျော်ရှိပြီး  ကျောက်ဖြူမြို့နယ်မှာ အများဆုံးထုတ်လုပ်ကာ စစ်တွေ၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေမှာလည်း ထုတ်လုပ်ကြပါတယ်။

3 weeks Ago
Up