close

အခြေခံကျန်းမာရေးစောင့်ရှောက်မှု

close

March 21, 2022

ကရင်နီစစ်ဘေးရှောင်များ ဆေးကုသမှုမရသဖြင့် မွေးကင်းစကလေးငယ်များ သေဆုံးနေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူလူထုတွေဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု မရရှိတာကြောင့် မွေးကင်းစကလေးတွေ အသက်ဆုံးရှုံးနေပါတယ်။

စစ်ဘေးရှောင်တွေရဲ့အခြေအနေကို မျက်မြင်တွေသူတစ်ဦးက “ကျ‌မတို့ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူး။  တချို့က မီးဖွားခါနီးကျမှ ကလေးကမလှုပ်တော့တာ မီးဖွားပြီးမှ မရှင်တော့တာတွေ ရှိတယ်။ ကျမတို့ စခန်းတခုတည်းကို ၆ ယောက်ရှိတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ ‌မွေးဖွားပြီးစ ကလေးသူငယ်တွေမှာလည်း ပုံမှန်ထိုးနေကျ ကာကွယ်ဆေးထိုးကိုလည်း မထိုးကြရဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်တဦးက "ပုံမှန်ဆို ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ မွေးဖွားပြီးစ ကလေးငယ်တွေကို လစဉ် အပတ်စဉ် အစိုးရကျန်းမာရေးဌာနကထိုးပေးတဲ့ ကာကွယ်ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကိုလည်း မထိုးကြရဘူး။ ဒါ့ကြောင့် မွေးဖွား ကလေး သေဆုံးတာတွေ ရှိနေတာ"လို့  ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာ ၉ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဟာ သောင်းနဲ့ချီရှိနေပါတယ်။ 

အခုလို စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဆေးဝါးဝယ်ယူရာမှာလည်း စစ်တပ်က ဖမ်းဆီးသိမ်းဆည်း ကန့်သတ်တာတွေ ရှိနေတာကြောင့်လည်း အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့သူတွေ ရှိနေပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ သူနာပြုတစ်ဦးက “စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးဖို့ လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူဖို့က မလွယ်ဘူး။ လမ်းကြောင်းအားလုံးကို စစ်တပ်က ထိန်းချုပ်ထားပြီး ဖမ်းဆီးသိမ်းဆည်းတာတွေ ရှိတယ်။ ဒါ့ကြောင့် ဖျားနာတဲ့လူနာတွေနဲ့ နာတာရှည်လူနာတွေဟာ ဆေးဝါးမရရှိကြလို့ သေဆုံးတာတွေ ရှိတယ်" လို့ ဆိုပါတယ်။ 

ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက သာမန်အရပ်သားပြည်သူတွေကို  ဘယ်အဖွဲ့အစည်းကမှ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တာကြောင့် ပြည်သူလူထုတွေ အသက်ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

1 min Ago
Up