မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေတဲ့ကြားက အောက်တိုဘာ ၁၁ ရက်က အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၉ သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ PPDF ကနေ သိရပါတယ်။
PPDF ပြန်ကြားရေးတာဝန်ခံ အတီးက “ပခုက္ကူ-PDF ပင်မစခန်းမှာ မနေ့က အောက်တိုဘာလ ၁၁ ရက်နေ့မှာ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၉ သင်တန်းဆင်းပွဲကို စစ်(...)တွေ စစ်ကြောင်းထိုးနေတဲ့ကြားက အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သင်တန်းသား သင်တန်းသူ အရေအတွက်ကတော့ စစ်ကြောင်းတွေရှိနေလို့ လုံခြုံရေးအရ လျှော့ထားရတဲ့အတွက် ၄၀ လောက်သာရှိပြီး အမျိုးသမီးသင်တန်းသူ ၇ ယောက်လောက် ပါဝင်ကာ သင်တန်းကာလ ၄၅ ရက်ကျော် သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်းမှာ နယ်မြေအခြေအနေ အခက်အခဲတွေ ရာသီဥတု အခက်အခဲတွေ အများကြီး ကြုံတွေ့ရပြီး စစ်ကြောင်းတွေအခြေအနေကို စောင့်ကြည့်ပြီးမှ လှုပ်ရှား သင်ကြားပေးခဲ့ကြရတာလို့ အတီးက ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၆ ရက် မနက် ၈ နာရီလောက်က ရေစကြို-PDF အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၈ သင်တန်းဆင်းပွဲကျင်းပခဲ့ တယ်လို့ ရေစကြို-PDF ကနေ သိရပါတယ်။
ရေစကြို-PDF တာဝန်ခံ ဗိုလ်မှိုင်းတေဇက “ကျနော်တို့ ရေစကြိုမြို့နယ်ဆိုတာက တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၃ ရင်းထိုင်ထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ကလည်း ကပ်နေတယ်။ ခဏနေရင် လေယာဥ်သံကြားလိုက်၊ ခဏနေရင် စစ်ကြောင်းထိုးမယ်ကြားလိုက်၊ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရဲဘော်ရဲမေတွေကို အခြေခံစစ်ပညာ သင်တဲ့နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သင်ခန်းစာတွေသင်တဲ့နေရာမှာ လက်တွေ့သင်ကြားပြသပေးဖို့အတွက် သင်ထောက်ကူ လက်နက်ကြီး၊ လက်နက်ငယ်တွေ နည်းပါးတယ်လို့ ဆိုပါတယ်။
ဗိုလ်မှိုင်းတေဇက “စစ်ကောင်စီစစ်ကြောင်းတွေရှိနေလို့ ကျနော်တို့က သင်တန်းအတွက် စည်းတွေထားထားရတယ်။ ပထမစည်းမှာဆိုရင် နည်းနည်းသတိထားရမယ်။ ဒုတိယစည်းမှာ တပ်လှန့်ထားပြီး တတိယစည်းမှာတော့ သင်တန်းအားလုံးကို ရပ်နားပြီး စစ်ပြင်ဆင်ဖို့ စီစဥ်ရတယ်” လို့ ပြောပါတယ်။
အခုအပတ်စဥ် ၈ မှာတော့ စစ်ကြောင်းနဲ့ မကြုံတွေ့ခဲ့ဘဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၄ တုန်းကတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ သင်တန်းရပ်နားလိုက်ရပြီး အစကနေ ပြန်လည်စတင်ခဲ့ရတာ ကြုံဖူးခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြို-PDF အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၈ ကို သြဂုတ်လ ပထမပတ်မှာ စတင်ခဲ့ပြီး သင်တန်းကာလ ၁၀ ရက် သင်ကြားပို့ချပေးခဲ့ကာ မွမ်းမံသင်တန်းတွေလည်း ထပ်မံပို့ချဖို့ ရှိနေပါတယ်။