close

အခြေခံစားသုံးကုန်ဈေးနှုန်း

close

July 17, 2021

မန္တလေးတွင် ကြက်ဥနှင့် အခြေခံ စားသုံးကုန်ဈေးနှုန်းများမြင့်တက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဇူလိုင် ဒုတိယအပတ်က စတင်ပြီး ကြက်ဥ အပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းတွေနဲ့ Mask စျေးနှုန်းတွေ မြင့်တက်နေပါတယ်။

မန္တလေးမြို့မှာ အရင်က ကြက် ၁ လုံး ၁၂၅ ကျပ် ရှိခဲ့ရာကနေ အခုလက်ရှိမှာတော့ ၁ လုံး ၂၃၀ ကျပ်၊ ဈေး နှစ်ဆလောက် စျေးတက်သွားခဲ့တာပါ။

လက်ရှိ စျေးကွက်အတွင်း မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ မြစ်သားကြက်သွန်နီ ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၇၀၀ ကျပ်ကြား၊ ကြက်သွန်ဖြူ (ဗမာဥ) ၁ ပိဿာ ၂၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ကြားရှိပါတယ်။

အာလူး (အနီသီး) ၁ ပိဿာ ၉၅၀ ကျပ်ကနေ ၁၂၀၀ ကျပ်ကြား၊ မန်ကျည်းသီး (အစေ့လွတ်) ၁ ပိဿာ ၃၀၀၀ ကျပ်၊ ဂျင်း ၁ ပိဿာ ၁၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်ကြား၊ အချိူမှုန့် ၁ ထုပ် ၈၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်ကြား၊ ဆားသန့် ၁ ပိဿာ ၆၀၀ ကျပ်၊ ဆားကြမ်း တစ်ပိဿာ ၅၀၀ ကျပ်၊ မဆလာ ၁ ထုပ် ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်ကြား၊ ဂျင်းမှုန့် ၁ ဘူး ၅၀၀ ကျပ် စျေးရှိပါတယ်။

မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေကတော့ ကုန်ပစ္စည်းအပေါ် မူတည်ပြီး ပုံမှန် စျေးနှုန်းထက် ၅၀ ကျပ်ကနေ ၃၀၀ကျပ်ကြား စျေးမြှင့်တက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တစ်ခါသုံး Mask ၅၀ ပါ ၁ ဘူးကိုလည်း အရင် ၁၀၀၀ ဝန်းကျင်ရှိရာကနေ ဇွန်လတတိယအပတ်မှာ ၁၅၀၀ ကျပ်ဝန်းကျင်၊ ဇူလိုင် ဒုတိယပတ်မှာတော့ ၃၀၀၀ ကျပ်ထိ စျေးမြင့်တက်ခဲ့တာပါ။

မန္တလေးတိုင်းမှာ ကြက်ဥ၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ Mask အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေး ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့တာလို့ ဈေးဆိုင်ရောင်းချသူတွေဆီက သိရပါတယ်။

Photo - မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန

6 mins Ago
Up