ထိုင်းနိုင်ငံမှာ လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကစပြီး အခြေခံနေ့တွက်လုပ်အားခတွေ တိုးမြှင့်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မတူကွဲပြားတဲ့ ခရိုင်တွေရဲ့ လူမှုစီးပွားပုံစံတွေအလိုက် ခရိုင်ပေါင်း ၇၇ ခုမှာ အနိမ့်ဆုံးနေ့တွက် လုပ်အားခ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် နေ့တွက်လုပ်အားခ အနည်းဆုံး ၃၂၈ ဘတ်ကနေ အများဆုံး ၃၅၄ ဘတ်ထိ ရရှိ မှာဖြစ်သလို အချိန်ပိုလုပ်အားခတွေလည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။
အလုပ်သမားအဖွဲ့တွေ တောင်းဆိုထားတဲ့ပမာဏမဟုတ်ပေမယ့် အခုလို တိုးမြှင့်ပေးတာဟာ အလုပ်သမားတွေအတွက် အဆင်ပြေလာမယ်လို့ မျှော်လင့်ကြောင်း မဟာချိုင်အခြေစိုက် MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ နာယက ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
“ပြီးခဲ့တဲ့မေဒေးနေ့မှာ ထိုင်းအလုပ်သမားသမဂ္ဂနဲ့အတူ ကျနော်တို့ သွားတောင်းဆိုခဲ့တာကတော့ ၈ နာရီလုပ်အားခကို ၄၉၂ ဘတ်ပေးဖို့ပေါ့နော်။ ကုန်ဈေးနှုန်းတွေ၊ စားသုံးဆီတွေ၊ လောင်စာဆီတွေ အကုန်တက်လာတဲ့အခါမှာ လက်ရှိဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အတွက် တိုးပေးဖို့ တောင်း ဆိုထားတာ အစိုးရကလည်း နားလည်လက်ခံတဲ့အကြောင်း ပြောခဲ့တယ်။ သို့သော် သူတို့အနေနဲ့ အဲဒီလောက်ကြီး မတိုးပေးနိုင်တဲ့အတွက်ကြောင့် သင့်တော်တဲ့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရတာဝန်ရှိသူတွေ ညှိနိုင်းဆွေးနွေးဆုံးဖြတ်လိုက်တာပေါ့နော်။ အဆင်ပြေသလားဆိုတော့ ကျ နော်တို့မဟာချိုင်က မူလ ၃၃၀ ကနေ ၃၅၃ ဘတ်၊ ပြီးတော့ အိုဗာတိုင်းကြေးတွေပါ လိုက်တက်မယ်ဆိုတော့ သူဟာနဲ့သူ ဝင်ငွေထွက်ငွေ မျှတသွားမယ်လို့ သုံးသပ်ပါတယ်ခင်ဗျ။”
မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး ကတော့ အခုလို အနည်းငယ်တိုးပေးတဲ့အပေါ်ကြိုဆိုပေမယ့် ထိုင်းလူမျိုးတွေနဲ့ စာလိုက်ရင် တရားမျှတမှုတော့ မရှိသေးပါဘူးလို့ ပြောပါတယ်။
“အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ပေးတာတော့ ကြိုဆိုပါတယ်။ သို့သော် ပြောစရာတခုတော့ရှိ ပါတယ်ခင်ဗျ။ လာမယ့် ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီးတော့ ထိုင်းအလုပ်သမားတွေကို အနိမ့် ဆုံးလုပ်အားခ ၄၅၀ ဘတ်ကနေ ၆၅၀ ဘတ်အထိ တိုးမြှင့်ပေးမှာဖြစ်တယ်။ အဲဒါဆိုရင် ကျနော်တို့ မေးစရာရှိတာက ထိုင်းနိုင်ငံရဲ့ 4 D ( Dificult/ Dirty / .Dangerous/ .Discipline) လို့ခေါ်တဲ့ ညစ်ပတ်ပေရေတဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်၊ စည်ကမ်းတင်းကျပ်တဲ့အလုပ် ဒီအလုပ်တွေကို လုပ်ပေးနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကကော ထိုင်းအလုပ်သမားများနည်းတူ တန်းတူညီမျှအခွင့်အရေးမရသင့်ဘူးလား၊ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်၊ မလုပ်လို၊ ရှောင်လွှဲနေတဲ့ အဲဒီအလုပ်တွေကို လုပ်အားနဲ့ ပေးဆပ်နေတဲ့ ပိုပြီးတော့ စာနာနားလည်ပြီး တန်းတူအခွင့်အရေး မပေးသင့်ဘူးလားဆိုတဲ့ မေးခွန်းကတော့ ကြီးကြီးမားမား ထုတ်စရာရှိပါတယ်ခင်ဗျ။”
ချင်းမိုင်မှ ဆောက်လုပ်ရေးလုပ်သား ၁ ဦးဖြစ်သူ စိုင်းထွန်းကတော့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ နဲ့ အိမ်ကိုငွေပို့ရတာ ဘယ်လောက်ရှာရှာ မလောက်ပါဘူးလို့ ပြောပါတယ်။
“ကျနော်ကတော့ ပန်းရန်လိုက်လုပ်တာ ၁ နေ့ ဘတ် ၅၀၀ ရတယ်၊ အလုပ်မဆင်းရင်တော့မရဘူး။ အခုက လက်မှတ်သက်တမ်းတိုးရတာနဲ့၊ အရင်က ထိုင်းလာဖို့အကြွေးယူထားတာ ပြန်ဆပ်ရတာနဲ့၊ အိမ်ကို ပြန်ပို့ရတာနဲ့ မလောက်မငပါဘဲ။ အိမ်မှာ အမေလည်းနေမကောင်းဘူး၊ မောင်လေး ညီမလေးလည်း အလုပ်မလုပ်နိုင်သေးဘူး။ အရင်နှစ်က တလ ၂ သိန်းပို့တယ်၊ အခု အခြေအနေက ၃ သိန်းပို့တာတောင် မလောက်ဘူး၊ မြန်မာပြည်မှာနေပြီး အလုပ်မရှိတာထက်စာရင်တော့ တော်သေး တာပေါ့။”
လာမယ့်အောက်တိုဘာ ၁ ရက် အနိမ့်ဆုံးလုပ်အားခ အများဆုံးရတဲ့ခရိုင်မှာ ချွန်းပူးရီး၊ လယောင်း၊ ဖူးကက် ၃၅၄ ဘတ်ဖြစ်ပြီး အနည်းဆုံးကတော့ ယလား၊ ပတ္တနီ၊ နာရာသီဝပ်၊ ဥဒွန်းဌာနီ၊ နန့်ခရိုင် ၃၂၈ ဘတ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အများဆုံးဝင်ရောက်လုပ်ကိုင်တဲ့ တာ့ခ်၊ ချင်းရိုင်း နဲ့ ရနောင်းမှာ ၃၃၂ ဘတ်၊ ဘန်ကောက်၊ စမွတ်စခွန်း၊ စမွတ်ပရကန်၊ နခွန်းပထုန်စတဲ့ခရိုင်မှာ ၃၅၃ ဘတ်၊ ချင်းမိုင် ၃၄၀ ဘတ် နဲ့ ကန်ကျနပူရီ ၃၃၅ ဘတ်တို့ ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီလမှာ ဘတ် ၄၅၀ ကနေ ၆၅၀ ထိ တိုးမြှင့်ပေးမှာကတော့ ဉာဏ်အားနဲ့ ကျွမ်းကျင်မှုပေါ်မူတည်တဲ့ စက်မှုလက်မှုလုပ်ငန်း၊ ကျောက်မျက်ရတနာ ထွင်းထုလုပ်ငန်း၊ ပန်းတိမ် လုပ်ငန်း၊ ဆံသလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရိုးရာအကြောပြင်အနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်ပုံသွင်း လုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ ဧည့်ကြိုလုပ်ငန်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်လုပ်ငန်း စတဲ့အ လုပ်တွေ ပါဝင်ပါတယ်။