close

အခြေခံဥပဒေသစ်

close

September 3, 2022

ချီလီနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကျင်းပမည်

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးမှုကို အဆုံးသတ်လိုက်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၅ သန်းလောက်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ မဲပေးကြဖို့ရှိနေပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုအဆိုပြုထားတဲ့ ထောက်ခံသူတွေ ပါဝင်တဲ့ လူထောင်ပေါင်းများစွာဟာ ဆန်တီယာဂိုက ပွဲအခမ်းအနားတွေမှာ  မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာ ၁ ရက်နေ့က  ပြီးဆုံးသွားတာပါ။

ဒီဖွဲ့စည်းပုံအသစ်ဟာ တစ်နှစ်ကျော်ကြာ ရေးဆွဲခဲ့တာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးအကြား တန်းတူညီမျှမှုအကြောင်း ထည့်သွင်းထားတဲ့ စာသားအသစ်ကို ထောက်ခံတဲ့အကြောင်း ထောင်နဲ့ချီတဲ့လူတွေက မြို့တော်ရဲ့အဓိကလမ်းမပေါ်မှာ စုဝေးပြီး ကြွေးကြော်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဆန့်ကျင်တဲ့အဖွဲ့တွေကလည်း ချီလီမြို့တော်က ဟိုတယ်တစ်ခုမှာ စုဝေးခဲ့ကြပြီး စက်တင်ဘာ ၄ ရက်မှာ အဲဒီစာသားကို ဆန့်ကျင်မဲပေးရေး နိုင်ငံသားတွေကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ချီလီနိုင်ငံသားတွေထဲမှာလည်း ဒါကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ဆိုပြီး သဘောကွဲလွဲနေပါတယ်။ 

မညီမျှမှုကို ဆန့်ကျင်တဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေက ကမ္ဘာ့ထိပ်တန်း ကြေးနီထုတ်လုပ်တဲ့ နိုင်ငံကို အုံကြွသွားစေပြီး တနှစ်အကြာ ၂၀၂၀ ပြည့်နှစ်မှာ ချီလီနိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါးက ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ မဲပေးခဲ့ကြပါတယ်။

ဒါပေမဲ့ထောက်ခံမှု ကျဆင်းသွားပြီး စစ်တမ်းတွေမှာ မဲဆန္ဒရှင်တွေဟာ စာသားအသစ်ကို ငြင်းပယ်မယ့် အလားအလာ ပိုများကြောင်း ပြနေပါတယ်။

လူမှုရေးအခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို အာရုံစိုက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဩဂတ်စ်တိုပီနိုချေး လက်ထက်က စတင်ပြီး ဈေးကွက်ကို ဖော်ဆောင်ရေးဆွဲထားတဲ့ လက်ရှိဖွဲ့စည်းပုံကနေ သိသိသာသာ ပြောင်းလဲသွားတာဖြစ်ပါတယ်။ 

7 mins Ago

June 20, 2022

တူနီးရှားနိုင်ငံတွင် အခြေခံဥပဒေသစ်အပေါ် လူထောင်ချီ ဆန့်ကျင်ဆန္ဒပြ

တူနီးရှားနိုင်ငံ မြို့တော်တူးနစ်ရဲ့ လမ်းတွေပေါ်မှာ ထောင်ချီတဲ့ဆန္ဒပြသူတွေ ဇွန်လ ၁၈ ရက်က စုရုံးခဲ့ကြပြီး သမ္မတ ခေးဆာယစ်က သူ့အာဏာကို ခြေကုပ်ယူမယ့် အခြေခံဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။

လွတ်လပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပါတီရဲ့ ခေါင်းဆောင် အဘီယ် မူစီ ဦးဆောင်တဲ့ ဆန္ဒပြပွဲဟာ သမ္မတကို ဆန့်ကျင်မှု ပိုတိုးလာ တာကို ထင်ဟပ်နေပါတယ်။

သမ္မတဟာ မနှစ်က အုပ်ချုပ်ရေးအာဏာကို သိမ်းအပြီး လွှတ်တော်ကို ဖျက်သိမ်းပြီး သမ္မတ အမိန့် ဒီဂရီနဲ့ အုပ်ချုပ်နေလို့ အာဏာသိမ်းတဲ့ လုပ်ရပ်အဖြစ် အတိုက်အခံတွေက ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။

ထောင်ချီတဲ့ လူတွေဟာ မြို့တော်ရဲ့ ဘက်ဆူယီကာ ရင်ပြင်ကနေ ခက်စ်ဘာ ရင်ပြင်ဆီကို တူနီးရှားအလံတွေ ဝှေ့ယမ်းရင်း ချီတက်ခဲ့ ကြပါတယ်။

သမ္မတကတော့ ပြည်သူ့ဘဏ္ဍာရေး အကြပ်အတည်းအပေါ် အကြောက်တရားနဲ့ ရေနံလှောင်ကန် စီးပွားရေး နောက်ခံတို့ကြောင့် သူ့ရာထူးကို အာဏာပိုပေးဖို့ အခြေခံဥပဒေကို အလုံးစုံ ပြုပြင်ပြောင်းလဲနိုင်ရေး ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဇူလိုင် ၂၅ ရက် မှာ လူထုဆန္ဒခံယူပွဲကျင်းပဖို့ ရည်ရွယ်ထားပါတယ်။

သမ္မတဟာ ရွေးကောက်ပွဲကော်မရှင်အသစ်ကိုခန့်အပ်ခဲ့လို့  ဘယ်မဲကိုမဆို ယုံကြည်ကိုးစားမှုအပေါ် သံသယ ဖြစ်လာခဲ့ကြပါတယ်။

သမ္မတဟာ ယာယီတရားရေးကောင်စီကိုလည်း ခန့်အပ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တရားသူကြီးတွေကို တာဝန်ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

ဒါပေမဲ့ တူနီးရှားနိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီတွေက ဆန္ဒခံယူပွဲကို သပိတ်မှောက်မယ်လို့ ပြောထားပြီး အင်အားကြီး UGTT အလုပ်သမားသမဂ္ဂက ဖွဲ့စည်းပုံ အသစ်အတွက် ဆွေးနွေးပွဲ တွေမှာ ပါဖို့ ငြင်းဆိုထားပါတယ်။

2 months Ago
Up