close

အခွန်ငွေ

close

June 29, 2021

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပြည်တွင်းကုမ္ပဏီများထံမှ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ ခန့်ရရှိထား

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ  ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေကဆီကနေ အခွန်ငွေကျပ်သိန်း ၄၀၀၀၀ နီးပါး ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  စီမံဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း အခွန်ဘဏ္ဍာငွေတွေ မရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေချမှတ်ပြီး ပိတ်ဆို့ ဖြတ်တောက်မှုတွေ ပြုလုပ်ထားနိုင်ခဲ့တယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ပြည်တွင်းလုပ်ငန်းရှင်တွေဆီကနေ အခုဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ်သိန်း ၄၀၀၀၀ နီးပါးရရှိထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီဆီကို ဝင်ငွေမရရှိဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝင်ငွေစီးဆင်းလည်ပတ်နိုင်ဖို့ဆိုတဲ့ မူဝါဒ ၂ ရပ်နဲ့ ဖော်ဆောင်လုပ်ကိုင်နေတယ်လို့လည်း ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေဆီကနေ အခွန်ငွေ ရရှိအောင် လက်နက်အားကိုး အကြမ်းဖက်ပြီး ခြိမ်းခြောက်ကောက်ခံမှုတွေကြောင့် ပြည်သူတွေ အခွန်ဆောင်နေရတယ်ဆိုတာကို သိရှိနားလည်ပေမယ့် စစ်ကောင်စီက အစိုးရမဟုတ်ဘူးဆိုတာကိုလည်း ပြည်သူ နားလည်ဖို့လိုတယ်လို့ ဒုဝန်ကြီးက ပြောဆိုပါတယ်။

လက်တလော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက လက်ခံနိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီး အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ အမေရိကန် ၁ ဘီလီယံ ပြန်လည်ရရှိရေးကိုလည်းကြိုးစားဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ပြောပါတယ်။

အခုအချိန်က တော်လှန်ရေးကာလဖြစ်နေတာကြောင့် တစ်ဖက်ရန်သူအနေနဲ့ သတင်းအချက်အလက်တွေ မသိအောင် လုပ်ဆောင်နေရတာတွေရှိတာကြောင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်အားလုံးကို ချပြမပေးနိုင်သေးတာကို  နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အချိန်ကာလတစ်ခုမှာ ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြသွားမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

2 months Ago

July 18, 2020

ကျွဲ၊ နွား အစမ်းတင်ပို့မှုမှ ၁ နှစ်အတွင်း အခွန်ငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရရှိ

ပြည်ပကို ကျွဲ၊ နွားတွေ အစမ်းတင်ပို့ခဲ့ရာကနေ ၁ နှစ်အတွင်း အခွန်ငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရရှိ မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောပါတယ်။ တိုင်းမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက “ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတခုကနေ ပြည်ထောင်စုဝန်ကြီးဆီကို မြန်မာနိုင်ငံကနေ နှစ်စဉ် ကျွဲ၊ နွားကောင်ရေ ၁ သန်းကနေ ၅ သန်းထိ ဝယ်ယူဖို့ စာနဲ့ကမ်းလှမ်းထားကာ ၁ နှစ် စမ်းသပ်တင်ပို့ခဲ့တာ တနိုင်ငံလုံးအတိုင်းတာနဲ့ အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိခဲ့တယ်” လို့ ပြောပါတယ်။  မကွေးတိုင်းဒေသကြီးအတွင်း တောင်သူတွေ မွေးမြူထားတဲ့ ငါးနှစ်အထက် ကျွဲ၊ နွားတွေကို ပြည်ပကို တရားဝင်တင်ပို့ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ “မကွေးတိုင်းအတွင်းမှာ ကျပ် ၅ သိန်းကနေ သိန်း ၂၀ ထိပေါက်စျေးရှိတဲ့ ၅ နှစ်နဲ့အထက် ကျွဲနွားတွေကို ပြည်ပသို့ တင်ပို့ တဲ့ကုမ္ပဏီ(၄)ခုခွင့်ပြုထားတယ်။ ပြည်ပကို တင်ပို့မယ့် ကျွဲ၊ နွား တွေကို ကျန်းမာရေးစစ်ဆေးတာတွေ၊ ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်ပြီး နွားကောင်ရေ မှတ်တမ်းတင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃ လသက်တမ်းရှိ သယ်ဆောင်ခွင့်ပါမစ် ထုတ်ပေးတာ။” စျေးကွက်အခိုင်မာ ရှိပြီးသားမို့ တောင်သူတွေအနေနဲ့ ကျွဲ၊ နွားတွေကို ပိုမိုမွေးမြူမယ်ဆိုရင် စီပွားရေး လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်လမ်းကောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်က နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းတန်က “ရာသီဥတု မမှန်လို့ သီးနှံအထွက်နှုန်းတွေ ကျဆင်းတဲ့အတွက် နွားမွေးမြူရေးလုပ်ငန်းနဲ့ တွဲဖက် လုပ်ကိုင်တာပါ။ နွားမတစ်ကောင်ကို တစ်နှစ်ကို တစ်သားနှုန်း ပေါက်ပွားကာ နွားတစ်ကောင်ကို ၁၅ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိတဲ့အတွက် မွေးမြူရေး လုပ်ရတာ ပိုအဆင်ပြေတယ်” လို့ ပြောပါတယ်။ မင်းထီး
1 year Ago
Up