မြန်မာပြည်တွင်း အိမ်ခြံမြေရောင်းဝယ်မှုအပေါ် စည်းကြပ်ကောက်ခံမယ့် အခွန်နှုန်းထားကို စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းလိုက်ရာမှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ- ၆ နဲ့ ၆(က) တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေ စည်းကြပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ခုတ်ရာ တခြား ရှရာ တခြားသာ ဖြစ်စေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင်တွေက ဆိုပါတယ်။
“အခွန်နှုန်းထားတွေက အရင်ထက် ၃၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။ အခုဟာက သူတို့ တောင်ပြော မြောက်ပြောနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘာညာ ဘာညာတွေကလည်း လုပ်ထားတယ်။ လုပ်ထားပြီးပေမဲ့ လုပ်စရာရှိတဲ့သူတွေ အကုန်လုံးကတော့ လုပ်ပြီးသွားပြီ။ အဲ့တော့ သူတို့လုပ်တာက ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ဆိုတော့ ပြည်သူတွေထဲမှာ မဖြစ်မနေ သူကတော့ ဝယ်ကြတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကစားတဲ့သူတော့ သိပ်မရှိတော့ဘူး။ လှောင်တာတို့ ကစားတာတို့တော့ သိပ်မရှိတော့ဘူး။ အရင်ကတော့ လှောင်တာနဲ့ ကစားတာ နှစ်မျိုးရှိတယ်။ ကစားတာကတော့ အခန်းအချင်းချင်း ပြန်လှည့်တာ။ လှောင်တာကတော့ ကုန်လှောင်သလို လှောင်တာပေါ့။ ဘာလို့မရှိလဲဆို သူက အခု အခြေအနေမှာ တော်တော်လေး risk များလို့လေ။ risk က ၂၀၂၃ မှာ ဘာဖြစ်မှန်းမသိတဲ့ အနေအထားမှာ ဖြစ်နေတာ။ ဘာဖြစ်မှန်းမသိတော့ လှောင်တာနဲ့ ကစားတဲ့သူ တော်တော်နည်းသွားတယ်။ မဖြစ်မနေ လုပ်ရတဲ့ သူတွေလောက်ပဲ လုပ်ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခွန်စည်းကြပ်မှုအပေါ် တိုးမြှင့်လိုက်တဲ့ နောက်ဆက်တွဲသက်ရောက်မှုက လက်ရှိမှာဆိုရင်လည်း ဈေးကွက်အတွင်းမှာ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံ မဟုတ်တော့ဘဲ ကြိတ်ရောင်း ကြိတ်ဝယ် ပုံစံ ပြောင်းလဲသွားတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“လက်ရှိ လုံးချင်းအရောင်းတွေက မြို့နယ်တိုင်းတော့ မဟုတ်ဘူးပေါ့နော်။ သိန်း တသောင်း ပတ်ချာလည်လောက်ပေါ့ အရောင်းအဝယ် ဖြစ်နေတာတွေ ရှိတယ်။ သိန်းပေါင်း သိန်းနဲ့ချီတဲ့ဟာတွေကတော့ သူတို့အဆင့်နဲ့သူတို့ ကြိတ်ရောင်း ကြိတ်ဝယ်တွေက ဖြစ်နေတယ်လို့တော့ ကြားရတယ်။ အဲ့ဒါကတော့ သူတို့အချင်းချင်း ကြိတ်ရောင်း ကြိတ်ဝယ် လုပ်ကြတာဖြစ်လို့ ကျနော်တို့လည်း မသိနိုင်ဘူး။ အရင်ကဆိုရင် ကျနော်တို့က ကြိုက်ရောင်း ကြိုက်ဝယ်ပဲ ရှိခဲ့တာ။ အခုတော့ ကြိတ်ရောင်း ကြိတ်ဝယ် ဆိုတဲ့ ပုံစံသစ် ရှိလာတယ်။ ဒါပေမဲ့ အလယ်အလတ်တန်းစား သိန်းတသောင်းခွဲနဲ့ ငါးထောင်ကြား ပတ်ချာလည်တွေကတော့ ပြနေရတာတွေ ဈေးစကားပြောတာတွေ အရောင်းအဝယ် ဖြစ်နေတာတွေတော့ ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှု ရှိလာစေရေး အားပေးမြှင့်တင်ဖို့ နိုင်ငံသားဘယ်သူမဆို အခြေခံပစ္စည်းတရပ်ရပ်ကို ဝယ်ယူတာ၊ တည်ဆောက်ရယူတာနဲ့ လုပ်ငန်းအသစ်တည်ဆောက်တာ၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်တာတွေအတွက် အသုံးပြုတဲ့ ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် အောက်ပါအတိုင်း စည်းကြပ်သွားမယ်လို့ ဆိုပါတယ်။
အသစ်ပြောင်းလဲ ပြင်ဆင်လိုက်တဲ့ အခွန်နှုန်းတွေက သိန်း သုံးထောင် အထိ ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်မှ သိန်း ခြောက်ထောင် အထိ ၅ ရာခိုင်နှုန်း၊ သိန်း ခြောက်ထောင်မှ သိန်း တသောင်း အထိ ၁၀ ရာခိုင်နှုန်း၊ သိန်းတသောင်းမှ သိန်း သုံးသောင်း အထိ ၁၅ ရာခိုင်နှုန်းနဲ့ သိန်း သုံးသောင်း အထက်ဆိုပါက ၃၀ ရာခိုင်နှုန်း စည်းကြပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီပုဒ်မအရ အခွန်စည်းကြပ်တာဟာ တရားမဝင်ရရှိတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်တာ ရောင်းဝယ်တာတို့နဲ့လည်းကောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ ကိစ္စရပ်တွေနဲ့လည်းကောင်း သက်ဆိုင်ခြင်း မရှိစေ ဖို့ လိုပါတယ်။ ပုဒ်မခွဲ(က) ပါ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ ဆိုရာမှာလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေကိုသာ ဆိုလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေမှာ စီးကရက်နဲ့အရက်အပေါ် အခွန်စည်းကြပ်မှုနှုန်းက အရင်ကထက် ရာခိုင်နှုန်းအနည်းငယ်တိုး ထားပြီး ဝင်ငွေခွန်အပေါ်စည်းကြပ်တဲ့အခွန်နှုန်းထားတွေကို အထူးဖြေလျှော့ ပေးထားတာတွေ့ရပါတယ်။
အခွန်ဥပဒေသစ်အရ အထူးကုန်စည်အမျိုးအစား စီးကရက်အမျိုးမျိုးကို ရောင်းဈေးအနည်းအများအပေါ်လိုက်ပြီး စီးကရက်တလိပ်လျှင် အခွန် ၂၇ ကျပ်မှ ၁၀ ကျပ်အထိကောက်ခံမှာဖြစ်ပါတယ်။
ဆေးပေါ့လိပ်ကတော့ တလိပ်လျှင် ၁ ကျပ်နှုန်း၊ ဆေးရွက်ကြီးက အခွန် ၆၀ ရာခိုင်နှုန်း၊ ဆေးပြင်းလိပ်က အခွန် ၈၀ ရာခိုင်နှုန်း၊ ဆေးတံသောက်ဆေးက အခွန် ၈၀ ရာခိုင်နှုန်း အသီးသီး ကောက်ခံမှာဖြစ်သလို ကွမ်းစားဆေးအမျိုးမျိုးကိုလည်း အခွန် ၈၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အရက်အမျိုးမျိုးနဲ့ ပတ်သက်ပြီးလည်း တန်ဖိုး အနည်းအများအပေါ်မူတည်ပြီး အနည်းဆုံး အရက်တလီတာလျှင် ၁၉၀ ကျပ်နှုန်းကနေ ၁၅၆၀ ကျပ်နှုန်းအထိကောက်ခံမယ်လို့ အခွန်အကောက် ဥပဒေသစ်အရ သိရပါတယ်။
အခွန်အကောက် ဥပဒေသစ်နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတဦးကတော့ “ပြည်ထောင်စု အခွန်အကောက်ဥပဒေ ဆိုတာက ဘဏ္ဍာနှစ် တခုစီတိုင်းမှာ ထွက်ရတာပါ။ အခုထွက်တဲ့ဟာက ၆လ စာအတွက်ပေါ့။ မတ်လ ကုန်ခါနီးကျရင် ထပ်ထွက်ပါလိမ့်မယ်။ အဲ့ဒါကတော့ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွက်ပေါ့။ ဒါပေမဲ့အခုထွက်ရှိလာတဲ့ ဒီဥပဒေထဲမှာ ထူးခြားချက် ၃ ချက်တွေ့ရတယ်။ ပထမအချက်က အခွန်စည်းကြပ်မှုက ကင်းလွတ်နေတဲ့ဝင်ငွေတွေအပေါ် သိန်း တထောင်အောက်ကို ၃ ရာခိုင်နှုန်းသက်သာခွင့်ပေးထားတယ်။ ဒုတိယအချက်က ကုမ္ပဏီတွေအတွက် ဝင်ငွေခွန်က ပြီးခဲ့တဲ့နှစ်က ၂၅ ရာခိုင်နှုန်းရှိတယ်။ အခုက ၂၂ ရာခိုင်နှုန်း အထိလျှော့ထားတယ်။ တတိယအချက်ကတော့ လူတဦးချင်းရဲ့ဝင်ငွေအပေါ်အခွန်ကောက်ခံမှုက သိန်း ၃ဝဝ ကျော်ရင် ၂၅ ရာခိုင်နှုန်းပေးရတယ်။ အခုက သိန်း ၇ဝဝကျော်မှ ၂၅ ရာခိုင်နှုန်း ဆိုပြီး ပြောင်းလဲထားတယ်။ ဒါမျိုးတွေ ဖြေလျှော့ထားတာတွေ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေဟာ စစ်အာဏာသိမ်းပြီး လွှတ်တော်တွေဖျက်သိမ်းခံထားရတာကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍ မပါဘဲနဲ့ စစ်တပ်တခုတည်းရဲ့ သဘောဆန္ဒအရ ထုတ်ပြန်ခဲ့တာတွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပြောပါတယ်။
ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာမှာတော့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေအား ပြဋ္ဌာန်းလိုက်သည်”လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “အရင်တုန်းကတော့ ဒီလိုမျိုး ပြည်ထောင်စုအခွန်အကောက်ဥပဒေထွက်တော့မယ်ဆိုရင် သက်ဆိုင်ရာ stakeholder တွေပေါ့ (နိုင်ငံရေးပါတီတွေ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ လက်မှတ်ရပြည်သူ့စာရင်း ကိုင်များအသင်းတို့) သူတို့နဲ့တွေ့ဆုံ ပြီးတော့မှ လွှတ်တော်မှာ ဘယ်လောက်အခွန်နှုန်းကောက်မယ် ဆိုပြီး ဆွေးနွေးတာတွေ လုပ်ကြတာပေါ့နော်။ ဒီတခေါက်တော့ အဲ့လိုတွေ့ဆုံဆွေးနွေးပြီး လုပ်တာမတွေ့ရဘူး။ ဒီလိုတွေ့ဆုံပြီးမှ အခွန်အကောက်ဥပဒေပြဋ္ဌာန်းတယ်ဆိုတာက ကုန်စည်တွေ နဲ့ အခွန်ထမ်းပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ရှိ မရှိ အပြန်အလှန် ဆွေးနွေးကြတဲ့သဘောပါ။ အခုကတော့ လွှတ်တော်ကလည်း မရှိဘူးဆိုတော့ စစ်ကောင်စီက မိမိဘာသာ စီစဉ်ပြီး ပြဋ္ဌာန်းလိုက်တဲ့ သဘောပေါ့နော်” လို့ ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကတော့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် အခွန်အကောက် ရရှိမယ့် ခန့်မှန်းဝင်ငွေမှာ ကျပ် ၈၆၀၀ ဘီလီယံလောက် ရှိမယ်လို့ တွက်ချက်ထားပြီး အဆိုပါငွေကြေးတွေ စစ်ကောင်စီအစိုးရထံ မရောက်ဖို့အတွက် အခွန်မဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။