မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်၊ တရုတ်ဘက်ခြမ်း အခွန်ရုံးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားတွေ တရုတ်ဘက်အဝင်နှေးနေကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကွင်းနဲ့ တရုတ် နယ်စပ်နားက သစ်သီးကားကွင်းတွေမှာ ကားတွေ အစီး ရာချီ သောင်တင်နေကြောင်း နယ်စပ် ကုန်သည်ကားသမားတွေဆီက သိရပါတယ်။
ဖရဲကုန်တင်ယာဉ်မောင်း ၁ ဦးက"ဟိုဘက်က ကွန်ပြူတာစနစ် အသစ်ထပ်ပြောင်းလိုက်တဲ့ အခါကျတော့ ကားတွေက တအားကြာသွားတာ။ အခုချိန်ထိ ကားတွေက မဝင်ရသေးဘူး။ ဒီနေ့ ၁၀၅ မိုင် ဖရဲကွင်းအနေအထားက ကားအစီးရေ ရာချီရှိနေပါပြီ။ ၁၀၅ မိုင် ပေါ်ဖရဲကွင်းထဲ ကားတွေပြည့်နေပြီ ဟိုးအောက်ကွင်းထဲ သွားထားရတော့မယ့် အနေအထားရောက်လာပြီ"လို့ ပြောပါတယ်။
တရုတ်ဘက် စနစ်အသစ်တွေ ဖြစ်သွားရင် ဘယ်လို ပုံစံတွေ ပြောင်းမယ်ဆိုတာ အတိအကျ မသိရသေးသလို ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တရုတ် အကောက်ခွန်ဌာနဘက်က System Update လုပ်နေတာ မပြီးသေးတာကြောင့် ဖရဲ၊ သခွားကားတွေ အဝင်နှေးနေတာလို့ နယ်စပ် ကုန်သည် တဦးက ပြောပါတယ်။
"ဝင်တာကတော့ ဝင်ပါတယ်။ သောင်တင်နေတာ မဟုတ်ဘူးဗျ။ ဝင်တယ်၊ ဝင်တယ်။ ဒါပေမဲ့ နှေးနေတာပေါ့နော်။ တနေ့ကို အစီး ၂၀၊ ၃၀ တော့ ဝင်တယ်။"
တရုတ်ဘက်က နယ်စပ် ပို့ကုန်၊ သွင်းကုန် စနစ်တွေ မကြာခဏ အပြောင်းအလဲ လုပ်နေတာကြောင့် နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ကြရတဲ့အပြင် ကုန်တင်ယာဉ်မောင်းတွေနဲ့ တောင်သူတွေပါ အဆင်မပြေဖြစ်နေတယ်လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။
"ကျနော်တို့လည်း ဒီဘက်မှာ အရမ်း အလုပ်ရှုပ်နေပါတယ်။ စနစ်တွေ ပြောင်းတော့ ကျနော်တို့မှာ တော်တော်ကြီးကို တိုင်ပတ်နေတယ်။ တနေ့မှာလည်း ဘယ်လိုမှ။ ဘယ်လိုတွေ ပြောရမှန်းကို မသိဘူး။ ကျနော်တို့လည်း ဒီမှာအရမ်းကို ခေါင်းကိုက်နေတယ်။ အစီးရေတွေက အောက်မှာ ရှိတယ်။ အပေါ်ကလည်း လွှတ်လို့ မရသေးဘူး။ အောက်ကဟာတွေ ရှင်းနေတာ။ သူတို့ဘက်က စနစ်က အခုတစ်မျိုး၊ တော်ကြာ တစ်မျိုး အဲတိုင်းကို ဖြစ်နေတာ တရုတ်ဘက်က။"
ဖေဖော်ဝါရီ ၃ ရက်နေ့ သစ်သီးပေါက်ဈေးက ဖရဲ 855 ၁ ကီလိုဂရမ်ကို ၃ ဒသမ ၆ ယွမ်၊ အရည်အသွေးကောင်း ထင့်ဝမ် ၁ ကီလိုဂရမ်ကို ၃ ဒသမ ၆ ယွမ်၊ သခွား ၁ ကီလိုဂရမ်ကို ၅ ယွမ် ရှိကြောင်း သစ်သီး ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က မူဆယ် ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန်ကို တင်ပို့တဲ့ မြန်မာ့ ဖရဲ၊ သခွားကား တရုတ်ဘက် အရောင်းကွင်းကို ၅၃ စီးသာ အဝင်ရှိပေမယ့် လာအိုဘက်ကဖရဲ တရုတ်တွဲကား အစီး ၇၀ ကျော် တရုတ်ဘက် အဝင်ရှိကာ သစ်သီးပို့ကုန် အရည်အသွေး၊ ဈေးကွက်တွေ ယှဉ်ပြိုင်မှုတွေ ရှိတာကြောင့် မြန်မာဘက်က ဈေးကွက်ထိန်းနိုင်ဖို့ အရည်အသွေးကောင်း အသီးတွေသာ တင်ပို့ဖို့ လိုတယ်လို့ သစ်သီးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစ တရုတ်ဘက်အခွန် (ပေါက်ကွမ်း) ရုံးမှာ နယ်စပ်ကုန်သွယ်ရေး Level Two သို့ အဆင့်ထပ်မြှင့် စနစ်ပြောင်းနေတာလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကောက်ခွန်ရုံးနဲ့ မြဝတီဘဏ်တို့ကို နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာပေးနေတဲ့ ရွှေဘိုမြို့အခွန်ရုံးကို ဗုံးခွဲခဲ့ပြီး တဆက်တည်း နေ့လယ်လောက်မှာ စစ်အုပ်စုပိုင် မြဝတီဘဏ်ကို လုံခြုံရေးယူနေတဲ့ သဲအိတ်ဘန်ကာထဲကို ဩဇာသီးတစ်လုံးပစ်ပေးခဲ့တယ်” လို့ PDF Shwebo ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် မြဝတီဘဏ် ဘန်ကာထဲက လုံခြုံရေး ရဲ ဝန်ထမ်း နှစ်ယောက် သေဆုံးတယ်လို့ မြို့ခံတွေ အတည်ပြုပြောပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရုံးတွေနဲ့နီးတဲ့ နေရာတွေသွားလာတာ မပြုလုပ်ကြဖို့ ရွှေဘိုမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
ရွှေဘိုမြို့ မြဝတီဘဏ်မှာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
(ဓာတ်ပုံ- ဘဏ်လုံခြုံရေး ယခင်ပုံအဟောင်း။ )