close

အဂတိမှု

close

December 13, 2022

ပြည်မြို့တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်လိုက်ဖမ်းပြီး ပြန်ရွေးခိုင်းကာ အဂတိလိုက်စား ငွေရှာနေ

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ  စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြ ညဘက် ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ငွေကျပ်တသိန်းနဲ့ အဓမ္မပြန်ရွေးခိုင်းကာ အဂတိလိုက်စား ငွေရှာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ကယ်တွေကို ပြည်မြို့အမှတ် (၁) ရဲစခန်းရှေ့၊ စိန်ဘန္ဒာဒိန်ချဥ်ဆိုင်နားနဲ့ ဘုရင့်ရုံရှေ့တွေကနေ ရဲတပ်ဖွဲ့ဝင်တွေက လူမမြင်အောင်ပုန်းအောင်းစောင့်နေပြီး ဖြတ်သန်းသွားတဲ့ ဆိုင်ကယ်တွေကို တားဆီးကာ အနီးဆုံးရဲစခန်းထဲကို လူရော ဆိုင်ကယ်ပါ သယ်ယူသွားပြီး ငွေညှစ်နေတာလို့ မြို့ခံ တယောက်က ပြောပါတယ်။ 

“အရင်ကတော့ ညဘက်ဆိုင်ကယ်ဖမ်းတာာ တခါမှမကြားဖူးပါဘူး။ အခုမှ ဖမ်းတာ၊ ရဲတွေပဲပါတယ်၊ ကညနလည်း မပါဘူး။ တရားသူကြီးလည်းမပါဘူး။ အရင်တုန်းက နေ့ဘက်ပဲ ဖမ်း တာ၊ ဖမ်းပြီးရင်ဆိုင်ကယ်တွေ အားလုံးကို တရားရုံးကို ကားတွေနဲ့သယ်သွားပြီး တရက်တည်းနဲ့ပဲ တရားရုံးကအမိန့်ချပြီး၊ ဒဏ်ငွေဆောင်ပြီး၊ ဆိုင်ကယ်ပြန်ပေးတာ၊ အခုက ဘယ်တရားရုံးကိုမှလည်း ခေါ်မသွားဘူး၊ ညတွင်းချင်းပဲ ငွေတသိန်းတောင်းတယ် ပေးရင်ချက်ချင်းပြန်လွှတ်ပေးတယ်။ ဆိုင်ကယ်အပေါ်ကြည့်တောင်းတာ၊ ဘီးကြီးတွေဆို တသိန်းနဲ့မရဘူး၊ ရွေးခိုင်းတာ။ ခိုးကြောင်ခိုးဝှက်နဲ့ ဘာအထောက်အထား စာရွက်စာတန်းမှလည်းပြန်မပေးဘူး။ ဖမ်းပြီး ရင့်တဲ့သဘော ပေါ်တင်ငွေရှာတဲ့ပုံစံပဲ။”

ငွေပါမလာတဲ့ ဆိုင်ကယ်စီးလူငယ်တွေကိုလည်း ရဲကဖမ်းထားပြီး ငွေပေးမှ ပြန်လွတ်မှာဖြစ်တဲ့အတွက် မိဘဆွေမျိုးတွေက ရပ်ကွက်ထဲ နေ့ပြန်တိုးနဲ့ ငွေလိုက်ချေးငှားကာ ကလေးတွေကို လိုက်ထုတ်ရွေးနေရတယ်လို့လည်းဆိုပါတယ်။

ငွေကျပ် တသိန်းပေးပြီးမှ ပြန်လွတ်လာသူတဦးက ''ကျနော်တို့ နှစ်ယောက်က ညဘက်မှ အလုပ်ကပြီးတာ၊ ခါတိုင်းလိုပဲ လုံခြုံရေးချထားတယ်ထင်တော့ ကိုယ့်ဟာကိုယ်ပဲ အေးဆေးလေးမောင်းနေတာကို အတင်းတားပြီး အမှတ်(၂)ရဲစခန်းထဲကို အတင်းစွဲသွင်းတာ  အထဲကျတော့ ဆိုင်ကယ်လိုင်စင်မရှိလို့ ဖမ်းတာတဲ့၊ ပြီးခဲ့တဲ့ရက်က ပေါင်းတည်မြို့နယ်ထဲမှာ လိုင်စင်မပါတဲ့ဆိုင်ကယ်နဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ဗုံးနဲ့ပစ်ပြီး စစ်သားကိုဖမ်းသွားလို့အခုလို လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုဖမ်းနေတာ၊ တကယ်ဆိုရင် ဆိုင်ကယ်သိမ်းပြီး လူကို အချုပ် ၁၅ ရက်ချရမှာ၊ မင်းတို့ကို သနားလို့ ပြန်လွှတ်ပေးတာဆိုပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပြီး ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် တနေ့တည်း  အမှတ် (၁) ရဲစခန်းမှာ  ဆိုင်ကယ် ၁၀ စီးကျော်ဖမ်းမိပြီး အား လုံးဆီကနေ အဓမ္မ ငွေတောင်းပြီး ပြန်လွှတ်ပေးတဘ်လို့  အမှတ် (၁) ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

26 mins Ago

October 12, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် ၃ နှစ်ထပ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုအတွက် အောက်တိုဘာ ၁၂ ရက်နေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံခဲ့တယ်လို့စွပ်စွဲပြီး ထောင်ဒဏ်ထပ်မံချမှတ်လိုက်တာပါ။

တမှုကို ၃ နှစ်နဲ့ နှစ်မှုအတွက် ၆ နှစ် ထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ တရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ်ကို တပေါင်းတည်းကျခံစေခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ဒေါ်အောင်ဆန်းစုကြည် ကျခံရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ၁၂ မှုအတွက် တရားရုံးက ကနဦး ထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားကြောင့် အခုအမှုတွေနဲ့ပေါင်းရင် ကျခံရမယ့်ထောင်ဒဏ်ဟာ ၂၆ နှစ်အထိ ရှိလာပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းတုန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဦးမောင်ဝိတ်ငွေလှူတဲ့အမှုတွေအတွက် သူ့မှာ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အမှုနဲ့ အဓိကသက်ဆိုင်ခဲ့သူ တရားလိုပြသက်သေ ဦးမောင်ဝိတ်ကိုယ်တိုင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပေမဲ့ တရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်ပြီး အမှုဆက်စစ်ခဲ့တာ၊ ထောင်ဒဏ်ချမှတ်ခဲ့တာတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်း၊ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဥပဒေကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။

“စစ်အာဏာရှင်အလိုကျပဲ စီရင်ရတယ်ဆိုတာကို သက်သေတခုပြီးတခု ပြနေတာပေါ့။ လိုပြသက်သေက အဲ့လိုထွက်ရင် ဘယ်အပြစ်ပေးလို့ရမလဲ။ ဒါ လာဘ်ပေးတာမှ မဟုတ်တာပဲ။ တရားလိုပြသက်သေ မောင်ဝိတ်က မထွက်ဘူးဆိုရင် ဘယ်အပြစ်ပေးလို့ရမလဲ။ ဒါပေမဲ့ ဘာနဲ့အပြစ်ပေးမှာလဲဆိုတော့ တရားလို စသုံးလုံးက အမှုဖြစ်စဉ်တွေကို ထွက်တာပေါ့။ ထွက်တဲ့အခါမှာ ဘယ်လိုဘယ်လိုလုပ်ပါတယ်ဆိုတာ အဲ့ဒီ သူ့ရဲ့ထွက်ချက်တွေ မှန်ကန်ကြောင်းကို သက်သေပြရမယ်လေ။ အဲ့လိုသက်သေမပြနိုင်ရင် အမှုက လွှတ်ရမယ်လေ။ ခုကြတော့ သူ့ထွက်ချက်နဲ့ချမှာ။ တရားလိုပြသက်သေ မထောက်ခံလည်း ချမှာ။ အဲ့ဒါကြောင့်မို့ မြန်မာပြည်မှာ တရားဥပဒေမရှိဘူး။ စစ်အာဏာရှင်အလိုကျပဲ ပြောရတယ်ဆိုတာ အကြောင်းမဲ့ အပုတ်ချပြောနေတာ မဟုတ်ဘူး။ တခုပြီးတခု ဒီလို အထောက်အထားမျိုးတွေကြောင့်မို့လို့ ပြောရတာ။ သူတို့ကတော့ ချမှာပဲ။ စစ်အာဏာရှင်အလိုကျ တရားသူကြီးက စီရင်ရတာ ဖြစ်တာကြောင့်မို့။”

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကတည်းက နိုင်ငံ့ခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ 

အဲ့ဒီနောက်ပိုင်းမှာ NLD အစိုးရ ခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဆက်တိုက်ထိန်းသိမ်း တရားစွဲဆိုခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု၊ မဲမသမာမှုတွေကြောင့်လို့ စစ်ကောင်စီက အကြောင်းပြခဲ့ပေမဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချရာမှ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှုတွေ အဓိကမပါဝင်ခဲ့ဘဲ အဂတိလိုက်စားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေသာ အဓိကဖြစ်ခဲ့တာကို တွေ့ရပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “မြန်မာနိုင်ငံ တရားစီရင်ရေးမှာပဲကြည့်ကြည့်၊ နိုင်ငံတကာက တရားစီရင်ရေးမှာပဲကြည့်ကြည့် တရားလိုပြသက်သေဆိုတာ အရေးကြီးပါတယ်။ တရားလိုပြသက်သေဟာ တရားလိုဘက်ကနေပြီးတော့ ခိုင်မာတဲ့ အထောက်အထားတွေကို ပြောဆိုရမှာဖြစ်တယ်။ ပြသနိုင်ရမှာဖြစ်တယ်။ အဲ့တော့ မပြသနိုင် မပြောဆိုနိုင်ရင် တရားရုံးကနေ လွှတ်ပေးရမှာ။ ဒါက ဥပဒေပညာရှင်တိုင်း သိပါတယ်။ အခုကိစ္စမှာ တရားလိုပြသက်သေဖြစ်တဲ့ ဦးမောင်ဝိတ်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူလာဘ်ပေးတာမဟုတ်ပါဘူး ဆိုတာကို သူထွက်ဆိုတယ်။ သူ လှူတာပါဆိုတာ။ ဦးမောင်ဝိတ်ကိုယ်တိုင်က ပြောထားတဲ့ဟာ။ အဲ့ဒါကို လျစ်လျူရှုပြီးတော့ အမိန့်ချမှတ်တယ်ဆိုတာ တရားမျှတမှုမရှိ၊ ဥပဒေနဲ့အညီ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတဲ့ဟာ သိသာထင်ရှားပါတယ်” လို့ပြောပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု စုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဂတိအမှု ၁၂ မှု အပါအဝင် ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ၊ လျှို့ဝှက်ချက်ပေါက်ကြားမှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှုကို ဆက်လက်ရင်ဆိုင်ဖို့ ကျန်နေပြီး အဂတိအမှုတွေဟာ တမှုကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

2 months Ago
Up