close

အဂတိလိုက်စားမှု

close

April 16, 2023

ကိုလံဘီယာစီးပွားရေး လုပ်ငန်းရှင် အလ်ဗာရို ပူလီဒို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရ

ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA က အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ဆောင်နေပြီးတော့ ကိုလံဘီယာ စီးပွားရေးလုပ်ငန်းရှင် အလ်ဗာရို ပူလီဒိုကို ဗင်နီဇွဲလားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ပူလီဒို ဟာ ဘဏ္ဍာရေးအော်ပရေတာတစ်ဦးဖြစ်ပြီး PDVSA မှာ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ဥပဒေပြုအမတ် ဟဂ်ဘဲလ်ရိုဝါ နဲ့ ဆက်နွှယ်နေကြောင်း ဗင်နီဇွဲလားရဲ့ ဆက်သွယ်ရေးဝန်ကြီးက ဧပြီလ ၁၄ ရက် သောကြာနေ့မှာ ပြောပါတယ်။  ဆက်သွယ်ရေးဝန်ကြီး ဖှရဒ်ဒီ နာနဇ် က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

သမ္မတနီကိုးလပ်စ်မာဒူရိုရဲ့ အစိုးရဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်နေတာကြောင့် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဒါဇင်နဲ့ချီတဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။

PDVSA နဲ့ တခြားအများပိုင်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ ၅၀ ကျော်ကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

ပူလီဒိုဟာ တခြားသူ ၆ ဦးနဲ့အတူ ထိန်းသိမ်းခံခဲ့ရပြီး တရားရုံးရှေ့မှောက်မှာ အမှုစွဲဆို ခံထားရကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကထုတ်လွှင့်ပြသတဲ့ရုပ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ သူတို့အပေါ် စွဲချက်တွေတော့ မတင်ထားရသေးပါဘူး။ ပူလီဒိုကို အမေရိကန်က ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း လုပ်လို့ရမယ့် အချက်အလက်တွေအတွက် ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းအထိ ကမ်းလှမ်းထားပြီး တရားစွဲဆိုခံနေရတာလည်း ဖြစ်ပါတယ်။

3 hours Ago

December 14, 2022

ကာတာနှင့်ဆက်နွှယ်နေသည့် အဂတိလိုက်စားမှု အလွန်စိုးရိမ်စရာကောင်းဟု အီးယူ တာဝန်ရှိသူပြော

ကာတာနိုင်ငံဆီက ငွေကြေးတွေ၊ လက်ဆောင်တွေနဲ့ ဆက်နွှယ်တဲ့ စီးနင်းဖမ်းဆီးမှုတွေ အပြီးမှာ ဥရောပလွှတ်တော်အတွင်း အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံရဲ့ စုံစမ်းစစ်ဆေးမှုဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

အစိုးရရှေ့နေတွေက အိမ် ၁၆ လုံးကို ရှာဖွေခဲ့ပြီး သောကြာနေ့မှာတော့ ဘရပ်ဆဲလ်မြို့တော်မှာ ယူရိုငွေ ၆ သိန်း သိမ်းဆည်းရမိခဲ့တာပါ။

လူလေးဦးကို စွဲချက်တင်ပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပေမဲ့ သံသယရှိသူရဲ့ နာမည်ကိုတော့ မဖော်ထုတ်သေးပါဘူး။

ဥရောပလွှတ်တော်က သူ့ရဲ့ ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဂရိဆိုရှယ်လစ်ပါတီက အီဗာကိုင်လီရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ တာဝန်တွေကို ဘယ်လ်ဂျီယံက စုံစမ်းစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး သီတင်းပတ်ကုန်ပိုင်းမှာ ဆိုင်းငံ့ထားတယ်လို့ ဥရောပပါလီမန်က ပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံတခုက ဥရောပလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ သံသယရှိနေတာ လအတော်ကြာပြီလို့ အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။

ကာတာနိုင်ငံက အရာရှိတဦးက အကျင့်ပျက်ခြစားမှု ဖြစ်နိုင်ခြေရှိတဲ့ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ကူဝိတ်၊ ကာတာ၊ အိုမန်နဲ့ အီကွေဒေါတို့အတွက် အီးယူဆီ ဗီဇာကင်းလွတ် ခရီးသွားလာမှု သက်တမ်းတိုးဖို့ အဆိုပြုချက်ကို ဥရောပလွှတ်တော်က ခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပေမဲ့ လွှတ်တော်အမတ်တချို့ကတော့ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ကာတာနိုင်ငံနဲ့ပတ်သက်လို့ ဥရောပလွှတ်တော် အရာရှိတွေ ဆုံးဖြတ်ချက်ချရာမှာ ဩဇာလွှမ်းဖို့ လက်ဆောင်ပစ္စည်းတွေ၊ ငွေကြေးတွေ ပုံပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရေးယူဖို့ အီးယူလွှတ်တော်အမတ်တွေက ဒီဇင်ဘာ ၁၂ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဥရောပလွှတ်တော် ကွန်ဆာဗေးတစ်အဖွဲ့ခေါင်းဆောင် မန်းဖရဒ် ဝီဘာက အကျင့်ပျက် ခြစားမှုကို ဒီမိုကရေစီရဲ့ အကြီးမားဆုံးရန်သူလို့ခေါ်ဆိုလိုက်ပြီး အကျိုးဆက်အနေနဲ့ တရားစွဲဆိုမှုကို လိုက်နာရမယ် လို့ ပြောပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်လို့ ဆောင်းရာသီမှာ စွမ်းအင်ပြတ်တောက်မှုဆီ ဦးတည်သွားနေတဲ့အတွက် ကာတာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဖိအားတွေ တိုးမြင့်လာတယ်လို့ ဥရောပသံတမန်တချို့က ရိုက်တာသတင်းဌာနကို ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

4 months Ago
Up