ထိုင်းအမျိုးသားရေတပ်မတော်ဟာ တရုတ်နိုင်ငံကနေ ရေငုပ်သင်္ဘော ၂ စီးဝယ်ယူဖို့ မနှစ်ကတည်းက သဘောတူထားခဲ့ပေမဲ့ အင်ဂျင်စက် အပြောင်းအလဲကြောင့် ဆိုင်းငံ့ထားခဲ့ပါတယ်။
အဆိုပါရေငုပ်သင်္ဘောရဲ့ အင်ဂျင်မှာ မူလက ဂျာမနီနိုင်ငံထုတ် MTU 396 လို့ ပြောထားပေမဲ့ နောက်တော့ တရုတ်ဘက်က အင်ဂျင်ပြောင်းမယ်ဆိုလို့ ဆိုင်းငံ့ထားကြောင်း၊ ဒီကြားထဲမှာ တရုတ်အင်ဂျင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တောင်းထားရာမှာ မနေ့ကတော့ တရုတ် ရေငုပ်သင်္ဘောကုမ္ပဏီ CSOC တာဝန်ရှိသူက ထိုင်းရေတပ်နဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
CSOC က သူတို့ထည့်ပေးမယ့် CHD620 အမျိုးအစားအင်ဂျင်မှာ MTU 396 လိုပဲ အရည်အသွေးတူညီကြောင်း လာရောက်ရှင်းပြသွားလို့ ဝယ်ယူဖို့ လမ်းကြောင်းပြန်ပေါ်လာတယ်လို့ ထိုင်းရေတပ်ပြောခွင့်ရ ရေတပ်ဒုဗိုလ်ချုပ် ပိုခလောင်းမွန်းထပ်ဖလင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့လည်း CHD620 ကို စစ်ဆေးဖို့ ရေငုပ်သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ကော်မတီဖွဲ့ပြီး ထပ်မံစစ်ဆေးမှာဖြစ်ကြောင်း၊ သုံးသပ်ချက်တွေဟာ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ ထွက်လာမယ်လို့ ရေတပ်ပြောခွင့်ရက ဆိုပါတယ်။
ထိုင်းရေတပ်က ပြည်သူ့ဘဏ္ဍာငွေနဲ့ ရေငုပ်သင်္ဘောဝယ်ယူမယ့်ကိစ္စကို စစ်အာဏာရှင် ဆန့်ကျင်ရေးအုပ်စုနဲ့ အတိုက်အခံပါတီဘက်က ကန့်ကွက်ထားတဲ့ကြားထဲ အော်ရဂျင်နယ်မဟုတ်တဲ့ တရုတ်ဖြစ် အင်ဂျင်ကိုပါ ဝယ်ယူဖို့ ထပ်စဉ်းစားတဲ့အပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။
ကိုးကား - khaosod.co