close

အင်တာနက်ဆက်သွယ်ရေးပစ္စည်း

close

June 21, 2022

မဲဆောက်တွင် တရားမဝင် အင်တာနက်ဆက်သွယ်ရေးပစ္စည်းများ ထိုင်းရဲဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့နယ်  သောင်ရင်းမြစ်အနီးမှာ  တရားမဝင် တပ်ဆင်ထားတဲ့ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းရဲတပ်ဖွဲ့က ဇွန် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အွန်လိုင်းကနေ လိမ်လည်ရာမှာ နာမည်ကြီးနေတဲ့ Call Center တွေမှာ အသုံးပြုနိုင်တယ်လို့ သံသယရှိတဲ့အတွက် ဇွန် ၂၀ ရက်မှာ  သောင်ရင်းမြစ်ကမ်းစပ်ရှိ  ထိုင်းတွေရဲ့ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံတွေမှာ  တပ်ဆင်ထားတဲ့ တရားမဝင် ထပ်ဆင့်လွှင့်တဲ့ အင်တာနက်စက်တွေကို ဖမ်းဆီးလိုက်တာလို့ ရဲဗိုလ်ချုပ်ကြီး စုဝပ်ကျက်ရော့်စုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရားမဝင် Call Center တွေကနေ ထိုင်းပြည်သူတွေဆီကို ဖုန်းဆက်ငွေလိမ်တာနဲ့ တခြားနည်းလမ်းတွေနဲ့ ခြိမ်းခြောက်ငွေရှာမှုတွေကနေ တစ်လပျမ်းမျှ ထိုင်းဘတ်ငွေ သန်း ၁၅၀၀ လောက် ဆုံးရှုံးမှုရှိနေပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ ညွန်ကြားချက်နဲ့ တာဝန်ရှိဌာနဆိုင်ရာတွေအနေနဲ့ Call Center ငွေလိမ်မှုတွေ ပပျောက်အောင် ဆောင်ရွက်ကြဖို့လည်း ရဲဗိုလ်ချုပ်ကြီးက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံကို ခွင့်မပြုချက်မရှိဘဲ တရားမဝင် ရေဒီယိုဆက်သွယ်ရေးကိရိယာတွေကနေ ဆက်သွယ်ပါက  ဘတ်ငွေ  ၁ သိန်းထက်မများတဲ့ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ် အများဆုံး ၅ နှစ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်မျိုး စလုံးချမှတ်နိုင်တယ်လို့  ထိုင်းဥပဒေမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှာဖွင့်လှစ်ထားတဲ့ တရားမဝင်အပန်းဖြေစခန်းတွေမှာ တရုတ်တွေနဲ့ ထိုင်းလူမျိုးတွေက ကာစီနို လောင်းကစားရုံတွေနဲ့ Call Center တွေလည်း တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နေကြတာပါ။

ဒီလုပ်ငန်းတွေမှာ ထိုင်းအလုပ်သမားနဲ့ မြန်မာအလုပ်သမားအများစုကလည်း နေထိုင်အလုပ်လုပ် ကြတာဖြစ်ပြီး ထိုင်းအမျိုးသမီးငယ်တချို့လည်း  လူကုန်ကူးခံရတာရှိတယ်လို့ နယ်စပ်အခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။

12 hours Ago
Up