close

အင်တာနက်လိုင်း

close

January 11, 2022

ဖားကန့်မြို့တွင် အင်တာနက်လိုင်း ၁ ရက်သာရပြီး ပြန်ပိတ်

အင်တာနက်ဖြတ်တောက်ထားတဲ့ ဖားကန့်မြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ည ၈ နာရီလောက် MyTel အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့​ပြီး ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီလောက် ပြန်ပိတ်လိုက်တယ်လို့ ဒေသခံဆီတွေက သိရပါတယ်။ 

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့တဲ့အတွက် MyTel ဖုန်းဆင်းကတ်နဲ့ ဖုန်းဘေလ်တွေ အဝယ်များခဲ့ပြီးနောက် ၁၁ ရက်နေ့ မနက်ပိုင်းမှာ အင်တာနက်လိုင်း ပြန်ပိတ်လိုက်တာလို့ ဆိုပါတယ်။ 

ဒေသခံတစ်ဦးက “အင်တာနက်လိုင်းရတယ်ဆိုတော့ MyTel ဆင်းကတ်တွေ ဖုန်းဘေလ်တွေ ပြေးဝယ်ကြတာပေါ့။ internet package တွေလည်း ဝယ်ထားပြီးမှ အင်တာနက်လိုင်းတွေ ပိတ်လိုက်တာ။ အခုတော့ စိတ်တိုနေကြတယ်။ စစ်တပ်ပိုင်တာမို့လို မသုံးနဲ့လို့ ပြောလည်း သုံးကြတာကိုး။ ဒီမှာက အင်တာနက်လည်း ဖြတ်ထားတာကြာပြီဆိုတော့ အင်တာနက်လိုင်း ရတယ်ဆိုတော့လည်း အလုအယက် ဝယ်သုံးကြတာလေ” လို့ ပြောပါတယ်။ 

ဖားကန့်မြို့မှာ အင်တာနက်ကို ၁ နာရီ ငွေကျပ်တစ်သောင်းပေးပြီး အသုံးပြုနိုင်ပေမယ့် စစ်ကောင်စီ တပ်သားတွေက အဲဒီနေရာတွေကို စောင့်ကြည့်နေလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ 

ဖားကန့်မှာ လယ်ပင်ဂိတ်နဲ့ အချို့နေရာတွေမှာတော့ MyTel လိုင်းနဲ့ လိုင်းဖွင့်ပေးထားပြီး တခြား operator တွေကိုတော့ ဖွင့်ပေးထားခြင်း မရှိဘူးလို့ သိရပါတယ်။ 

ဖားကန့်မြို့ကို စစ်ကောင်စီက ဩဂုတ် ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၅ လနီးပါးရှိနေပြီ ဖြစ်ပြီး MyTel တာဝါတိုင် ၅ ခုလည်း ဖျက်ဆီးခံထားရပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လနီးပါးရှိပြီဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA၊ PDF၊ NUG ထောက်ခံပွဲနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဆန္ဒပြပွဲတွေလည်း နေ့စဉ်လိုလို ပြုလုပ်နေကြပါတယ်။

5 mins Ago

August 21, 2021

ဖားကန့် လုံးခင်းရတနာမြေတွင် ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့ ဖြတ်တောက်

ဖားကန့်လုံးခင်းရတနာမြေအတွင်း ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့ကို အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၂၀ ရက်ည ၈ နာရီနောက်ပိုင်း စတင်ထိန်းချုပ်ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “၈ နာရီဝန်းကျင်ခန့်က စဖြတ်လိုက်တာ။ ဝိုင်ဖိုင်ကော၊ ဖုန်းအင်တာနက်ကော မရတော့ဘူး။ ဖုန်းလိုင်းတောင် တိုင်အပြည့်မရှိဘူး။ တစ်ခုခုဖြစ်လာမလား ဆိုပြီး လူတွေကတော့ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်လုံးခင်းရတနာမြေမှာ MPT၊ Telenor (Myanmar)၊  WiFi လိုင်းတချို့တွေ အားလုံးကို ည ၈ နာရီနောက်ပိုင်းမှ စတင်ပြီး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၁ ရက်ကစပြီး ဖားကန့်လုံးခင်းရတနာမြေက အင်တာနက်လိုင်းအားလုံးကို ဖြတ်တောက်သွားမယ်လို့ သတင်းရရှိထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

5 months Ago
Up