close

အင်တာဗျူးဖြေကြားသူ

close

April 5, 2022

စစ်ကောင်စီတပ်တွင် အလံဖြူထောင်သည့်ကိစ္စ အင်တာဗျူးဖြေကြားခဲ့သူကို ထောင်ဒဏ် ၃ နှစ်ချ

ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်ထားတဲ့ကိစ္စအား ရခိုင်အခြေစိုက် မီဒီယာတခုကို အင်တာဗျူးဖြေကြားမှု​ကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ဧပြီ ၅ ရက်နေ့က မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဒီနေ့ရုံးချိန်းမှာ ကိုတင်ထွန်းအောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်။ ချုပ်ရက်ကိုတော့ တပေါင်းတည်း ခံစားခွင့်ရှိတယ်။ ကျနော်တို့ကတော့ အယူခံ တက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ကိုတင်ထွန်းအောင်နဲ့ ဦးတင်ဦးတို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် အခြေစိုက် Western News သတင်းဌာနအား ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှာ အလံဖြူ ထောင်ထားသည့် ကိစ္စကို အင်တာဗျူးဖြေကြားမှုကြောင့် ရဲနဲ့စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

ဦးတင်ဦးကို ဝန်ခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကိုတင်ထွန်းအောင်ကို ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(က)နဲ့ ပလက်ဝမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

အဆိုပါ အလံဖြူထောင်တဲ့ သတင်းကို ဖော်ပြမှုကြောင့် Western News သတင်းဌာနကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄ နဲ့ စစ်ကောင်စီက စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် တရားစွဲထားရပါတယ်။

4 mins Ago
Up