အင်ဒိုနီးရှားဟာ နိုင်ငံရဲ့ထုတ်ကုန်တွေကို ၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ (CIIE) မှာ ပြသခဲ့ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပြီးနောက် စီးပွားရေး ပြန်ထူထောင်ရေး အဆင်သင့်ဖြစ်ကြောင်း အချက်ပြဖို့ မျှော်လင့်ထားတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် ဂျိုဟာရီ အောရတ်မန်ဂွန်က ပြောပါတယ်။
ငါးရက်ကြာကျင်းပမယ့် ကမ္ဘာ့ပထမဆုံး အထူးသီးသန့် သွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့မှာ ကျင်းပနေပြီး အင်ဒိုနီးရှား အပါအဝင် ကမ္ဘာတဝန်းက အဓိကလုပ်ငန်းကြီးတွေနဲ့ စက်မှုလုပ်ငန်းကြီးတွေ ရာနဲ့ချီပြီး ပြပွဲမှာ ပါဝင်ဆင်နွှဲနေပါတယ်။
အင်ဒိုနီးရှားဟာ ပြပွဲကတဆင့် စီးပွားရေး ပြန်ဦးမော့လာဖို့ အချက်ပြနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။
“ဒါက တရုတ်အတွက် ပြပွဲ၊ အင်ဒိုနီးရှားအတွက် ပြပွဲ၊ တခြားနိုင်ငံတွေကို ခင်းကျင်းပြသမယ့် ပြပွဲလည်းဖြစ်တယ်။ CIIE က တရုတ်ကပေးတဲ့ အခွင့်အလမ်းတွေကို ကြည့်ရှုနေတဲ့ စီးပွားရေးသမားတွေအတွက် တံခါးဖွင့်ပေးလိုက်ပြီး တချိန်တည်းမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ CIIE မှာ ပါဝင်တဲ့ နိုင်ငံတွေက ဖွင့်ပေးထားတဲ့ အခွင့်အလမ်းတွေကို ကြည့်နေတယ်။ CIIE က ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ ပြန်လည်ကောင်းမွန်လာဖို့ နိုင်ငံတကာဈေးကွက်ကို အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေ ပေးသွားမှာပါ” လို့ အောရတ်မန်ဂွန်က ဆက်ပြောပါတယ်။
CIIE နဲ့ အခုနှစ်အစောပိုင်းမှာ အင်ဒိုနီးရှားက သဘောတူခဲ့တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရာမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်တယ်၊ အပြန်အလှန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့လည်း အောရတ်မန်ဂွန်က ပြောပါတယ်။