ရဝမ်ဒါနိုင်ငံ၊ ကီလီဂါမြို့တော်မှာ မတ်လ ၁၆ ရက်က ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၇၃ နှစ်မြောက်ညီလာခံမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် မစ္စတာ ဂီယာနီ အင်ဖန်တီနို ပြန်လည်ရွေးကောက်ခံခဲ့ရပြီး လာမယ့်လေးနှစ်တာသက်တမ်းမှာ ဖီဖာရဲ့ဝင်ငွေကို ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရောက်ရှိလာဖို့ ကတိပြုခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားမတိုင်ခင် ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံမှုတွေနဲ့ အငြင်းပွားစရာ အနည်းငယ်ရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားကို ၂ နှစ်တကြိမ် ကျင်းပရေးဆိုတဲ့ မအောင်မြင်တဲ့ အစီအစဉ်နဲ့ မစ္စတာ အင်ဖန်တီနိုက စိန်ခေါ်သူမရှိ ဖီဖာဥက္ကဋ္ဌရာထူးကို ပြန်လည်ရရှိခဲ့ပါတယ်။
ဖီဖာမှာ သူကိုင်တွယ်ခဲ့တဲ့ လေးနှစ်တာအတွင်း ဖီဖာရဲ့ဝင်ငွေက ကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီးတော့ သူကိုင်တွယ်ခဲ့စဥ်က အရန်ငွေကြေး ၁ ဘီလီယံသာ ရှိခဲ့ပေမဲ့ အခုချိန်မှာ ၄ ဘီလီယံအထိ ရှိလာခဲ့ပြီဖြစ်တဲ့အတွက် သူက ဝမ်းမြောက်ကြောင်း ပြောပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ သူ့ကိုကြိုက်တဲ့သူတွေကိုရော မကြိုက်တဲ့သူတွေကိုရော ဘောလုံးပရိသတ်အားလုံးကို သူချစ်ခင်နေတယ်လို့ ဥက္ကဋ္ဌ အင်ဖန်တီနိုက ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်းပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
“ကျနော် ဥရောပသားတဦးပါ။ ဥရောပသားတွေနဲ့ အနောက်ကမ္ဘာက သင်ခန်းစာတွေ အများကြီး ကျနော်တို့ သင်ယူခဲ့ကြတယ်။ “စာရိတ္တသင်ခန်းစာ” (Moral lessons) တွေကို မပေးခင် ကမ္ဘာမှာ ကျနော်တို့ နှစ်ပေါင်း ၃,၀၀၀ လောက် လုပ်ခဲ့တာတွေအတွက် နောက် နှစ်ပေါင်း ၃,၀၀၀ လောက် ကျနော်တို့ တောင်းပန်သင့်တယ်။”
“ခုလို တဖက်သတ် စာရိတ္တသင်ခန်းစာ Moral lessons တွေ ပေးနေတာဟာ ဥရောပသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုသက်သက်ပါပဲ။ ကျနော်အံ့ဩတာ ၂၀၁၆ ကတည်းက တိုးတက်လာတဲ့ ဖြစ်စဉ်တွေကို အသိအမှတ်ပြုသူ တယောက်မှ မရှိတာပဲ။”
ဒါကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ပြောသွားတဲ့ စကားတွေထဲက ကောက်နုတ်ချက်တချို့ပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ခု စတင်ကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲမတိုင်မီကတည်းက ဝေဖန်မှုမျိုးစုံ ထွက်ပေါ်နေခဲ့ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လိင်ခွဲခြားမှုတွေပါ။ ဝေဖန်မှုမျိုးစုံတွေအတွက် အင်ဖန်တီနိုက စိတ်မသက်မသာဖြစ်ရသလို လက်ရှိအခြေအနေတွေအတွက် ကာတာဘက်ကနေ ထောက်ခံစကားပြောသွားပြီး အနောက်အုပ်စုက ဝေဖန်သူတွေနဲ့ မီဒီယာတွေကို အပြစ်တင်သွားခဲ့တယ်။
အနောက်နိုင်ငံသားတွေဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရောဂါ စွဲကပ်နေသူလို့လည်း ပြောဆိုသွားခဲ့တယ်။
သူက ပြိုင်ပွဲမတိုင်မီ တရက်အလို အဆင်သင့်အနေအထားရောက်နေတဲ့ ကာတာရဲ့ အခြေအနေတွေကို ပြောပြပြီး အမျိုးမျိုးအဖုံဖုံသော ဝေဖန်မှုတွေကို တနာရီကျော်ကြာ ရှင်းပြသွားခဲ့တယ်။ အထူးသဖြင့် ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ကွင်းတွေ တည်ဆောက်စဉ် ရွှေ့ပြောင်းအလုပ်သမား ၆,၅၀၀ ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ရေးသားချက်၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံကို အခြေခံပြီး ဥရောပနိုင်ငံတွေကို ဝေဖန်သွားခဲ့တယ်။
“ကျနော်ဟာ ရွှေ့ပြောင်းအလုပ်သမားတဦးရဲ့ သားပါ။ ကျနော့်မိဘတွေဟာ ဆွစ်ဇာလန်ကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြောင်းရွှေ့ခဲ့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ ဘယ်လောက်ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော်သိတယ်။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က အနှိမ်ခံ၊ အနိုင်ကျင့်ခံခဲ့ရတာပဲ။”
အင်ဖန်တီနိုက ဥရောပမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝဟာ ခက်ခဲတာ၊ တနေရာက တနေရာကို သွားဖို့တောင် မလွယ်တာ၊ လစာမလုံလောက်တာ၊ လုံခြုံမှုမရှိတာ အမျိုးမျိုးသော အခက်အခဲတွေကို ပြောပြတယ်။ ကာတာကမ္ဘာ့ဖလားစီမံကိန်းကြောင့် အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ရခဲ့ကြောင်း၊ ဥရောပနိုင်ငံတွေဟာ ခုလို ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်မခံကြောင်း၊ အလုပ်သမား အခွင့်အရေးတွေအတွက် ဥပဒေတွေကို ပြင်ဆင်ဖို့လိုကြောင်း ပြောခဲ့တယ်။ ဒါ့အပြင် ဘောလုံးနဲ့ နိုင်ငံရေးဟာ တခြားစီဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့တယ်။
ကာတာကမ္ဘာ့ဖလားစီမံကိန်းမှာ ရွှေ့ပြောင်းအလုပ်သမား ၆,၅၀၀ သေဆုံးရတယ်ဆိုတာ မဟုတ်ဘဲ စီမံကိန်းနဲ့ မသက်ဆိုင်တဲ့ နေရာတွေက စာရင်းတွေကို ထည့်ထားတယ်လို့ ဆိုတယ်။ တကယ်သေဆုံးခဲ့တာ ၃၇ ယောက်ဖြစ်ပြီး ၃ ယောက်သာ လုပ်ငန်းခွင် မတော်တဆနဲ့ သေဆုံးတာလို့ ဆိုတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးတွေကို နောက်ပိုင်းမှာ ဥပဒေပြဋ္ဌာန်းပြီး မြှင့်တင်ပေးခဲ့တယ်လို့ ဆိုတယ်။
ပြိုင်ပွဲစတင်တော့မယ့်အချိန်မှာ ထွက်လာတဲ့ အသံတသံက ကွင်းအတွင်း ဘီယာသောက်ခွင့် ပိတ်လိုက်တဲ့ကိစ္စပါ။ “ခင်ဗျားတို့ ဘီယာမသောက်ဘဲ ခဏလောက် နေလို့မရဘူးလား” လို့ အင်ဖန်တီနိုက ပြောတယ်။ အမှန်တော့ ကာတာဖလားမှာ ဘီယာအပါအဝင် ယမကာသုံးဆောင်ခွင့်ကို လုံးဝ ပိတ်ပင်ထားတာတော့ မဟုတ်ဘူး။ Fan Festival သတ်မှတ်ထားတဲ့နေရာမှာ ကြိုက်သလောက် သောက်နိုင်သလို ပျော်ရွှင်စရာ အစီအစဉ် အများအပြား ဖန်တီးပေးထားတယ်။ ဒါပေမဲ့ ဘီယာတလုံး ၁၂ ပေါင်လောက် ကျသင့်ပြီး ဈေးကြီးလှတယ်။
လူဦးရေ ၃ သန်းကျော်သာရှိတဲ့ ကာတာကမ္ဘာ့ဖလားကို ကမ္ဘာအရပ်ရပ်က ပွဲကြည့်ပရိသတ် တသန်းကျော် လာရောက်မယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့ဖလားကွင်းတွေကို လေအေးပေးစက် တပ်ဆင်ထားပေမဲ့ အပြင်မှာ နေ့အပူချိန် ၃၂ ဒီဂရီရှိပြီး ညနေပိုင်းမှာ ၂၂ ဒီဂရီလောက်ရှိတယ်။ ကွင်းတွင်း ဘီယာသောက်ခွင့် မရတာနဲ့ပတ်သက်လို့ တချို့ကလည်း ဘောလုံးပွဲဆိုတာ ပါတီပွဲလို ပျော်ပျော်ပါပါး အားပေးဖို့လာတာ၊ ဘီယာမသောက်ရတော့ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ စောဒကတက်ကြတယ်။
လူ့အခွင့်အရေးသမားတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာ၊ လူ့အခွင့်အရေး ပြဿနာ၊ gay နဲ့ LGBT လိင်ခွဲခြားဆက်ဆံမှုကိစ္စတွေကို ရှေ့တန်းတင်ပြီး ကာတာကမ္ဘာ့ဖလားအပေါ် ဝေဖန်ဆန့်ကျင်နေပေမဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ ဝေဖန်သူတွေကို အပြစ်တင်သွားပြီး အိမ်ရှင်ကာတာဘက်က ရပ်တည်ကာကွယ်သွားခဲ့တယ်။
“အခုပြောနေတာတွေဟာ ဟောဒီက ပဉ္စလက် ဘောလုံးလေး ကွင်းထဲ လှုပ်ရှားသွားတာနဲ့ လူတွေအားလုံးရဲ့ အာရုံဟာ ဒီဘောလုံးလေးပေါ် ရောက်ပြီး ကျန်တာအားလုံး မေ့သွားကြပါလိမ့်မယ်။”
CWM