ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် နှစ်ဘက်စစ်ရေး အခြေအနေ ပိုမို တင်းမာလာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန် ၂ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာကနေ တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာသလို သိမ်ဇရပ်မြို့ ကျောက်ညှပ်ကျေးရွာကလည်း တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေထဲကို ခြေလျင် စစ်ကြောင်းထိုးကာ ဝင်ရောက်လာတာပါ။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဘက် စစ်ဆေးရေး ပိုမိုတင်းမာလာသလို KNLA ပူးပေါင်းအဖွဲ့ကလည်း အသင့်ပြင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါကြောင့် ဒေသခံတွေက နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေကြသလို ကြိုတင်တိမ်းရှောင်တာတွေလည်း ရှိလာခဲ့တာပါ။
တဘက်မှာတော့ စစ်ကောင်စီတပ်ဟာ သထုံမြို့နယ်ထဲကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က KNLA ပူးပေါင်းအဖွဲ့နဲ့ ၆ နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၉) က ဒုတပ်ရင်းမှူး စနိုက်ပါ ထိမှန်ကျဆုံးပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မင်းဂြိုဟ်စံပြရွာက NLD ပါတီ ရပ်ကျေး ဥက္ကဋ္ဌ နဲ့ အုပ်ချုပ်ရေးမှူးတို့ကို ဇွန် ၃၀ ရက် ည ၈ နာရီကျော်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုလာရောက်ဖမ်းဆီးပေမယ့် နှစ်ဦးလုံး ရှောင်တိမ်းနေတဲ့အတွက် မဖမ်းမိတာကြောင့် NLD ပါတီ ရပ်ကျေး ဥက္ကဋ္ဌရဲ့ ယောက်ဖဖြစ်သူကို ဖမ်းသွားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “NLD ရပ်ကျေး ပါတီ ဥက္ကဋ္ဌ နဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးကို လာဖမ်းတာ၊ NLD ရပ်ကျေးပါတီ ဥက္ကဋ္ဌ ဆို နေမကောင်းဖြစ်နေတာ ကျန်းမာရေးချူခြာနေတာကြပြီ။ အဲဒါကိုလာဖမ်းကြတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းက အမျိုးသမီး။ အိမ်တွေကို လာဝိုင်းတယ်။ သေနတ် ဖောက်တယ်။” လို့ ပြောပါတယ်။
သေနတ်ဖောက်သံကြားတဲ့အတွက် နေအိမ်မိသားစုဝင်တချို့လည်း ထွက်ပြေးတိမ်းရှောင်ကြပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း အမျိုးသမီးရဲ့ ယောကျ်ားကို နားထင် သေနတ်နဲ့ထောက်ကာ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့ကြပါတယ်။