close

အင်အား

close

May 24, 2022

ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် အင်အားသုံးမည်ဟု အမေရိကန်သမ္မတပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကျွန်းကို ကာကွယ်ရာမှာ အင်အားသုံးဖို့ ဆန္ဒရှိတယ်လို့ မေ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ဘိုင်ဒန်ဟာ ဂျပန်မြို့တော် တိုကျိုကို အလည်အပတ် ခရီးအတွင်း တရုတ်ကို ဆက်တိုက် ဝေဖန် ပြောဆိုခဲ့တာပါ။

ဘိုင်ဒန်ရဲ့ လက်ထောက် တယောက်ကတော့ တကိုယ်တော် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။

ထိုင်ဝမ်သာ တကယ်လို့ တိုက်ခိုက်ခံရရင် အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ပေးမှာလားလို့ ဂျပန် ဝန်ကြီးချုပ် ခီရှီဒါနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က ဘိုင်ဒန်ကို မေးခဲ့တာပါ။

“ဟုတ်ကဲ့၊ ဒါဟာ ကျနော်တို့ ပေးထားတဲ့ ကတိပဲ။ အဲဒီလို ဖြစ်ရပ်မျိုး ဖြစ်မလာဖို့ ဒါမှမဟုတ် မကြိုးစားရဖို့ မျှော်လင့်တယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် ကာကွယ်မပေးသင့်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အပေးအယူ ဒါမှမဟုတ် လိုက်လျောဖို့ နေရာမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က ဘေဂျင်းမြို့တော် ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သူ့ရဲ့ အမျိုးသား အချုပ်အခြာအာဏာနဲ့ နယ်မြေ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ စွမ်းဆောင်နိုင်မှုကို ဘယ်သူကမှ လျှော့မတွက်သင့်သလို တရုတ်လူမျိုး ၁ ဒသမ ၄ ဘီလီယံကို ဆန့်ကျင်ဖို့ မသင့်တော်ဘူးလို့လည်း ဝမ်က ပြောခဲ့ပါတယ်။ 

6 mins Ago
Up