close

အင်းကျေးရွာ

close

May 3, 2022

အင်းကျေးရွာ နေအိမ်များကို မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ကသာမြို့နယ် အင်းကျေးရွာ နေအိမ်တွေကို မေလ ၂ ရက်နေ့ ညနေက မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

အင်အား ၁၀၀  လောက်ရှိ စစ်ကောင်စီတပ်ဟာ ကသာမြို့နယ်၊ အင်းကျေးရွာက နေအိမ်တွေကို မီးရှို့ပြီးအပြန် ထီးချိုင်းမြို့နယ်၊ ညောင်ပင်စုကျေးရွာနဲ့ ကိုးတဲကျေးရွာကြားရှိ သင်္ချိုင်းကုန်းအရောက်မှာ Special 9-HPDF နဲ့ မဟာမိတ်အဖွဲ့တွေက မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ အဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။ 

“အင်းရွာက အိမ်တွေကိုမီးရှို့ပြီး ထီးချိုင့်မြို့နယ်ထဲကို ဆင်းလာခဲ့တာ။ ညောင်ပင်စုရွာနဲ့ ကိုးတဲရွာကြားမှာရှိတဲ့ သင်္ချိုင်းကုန်းအရောက်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ မြင်ရတာကတော့ ဒဏ်ရာရပြီး ကျသွားတာမြင်လိုက်တယ်။ သေမသေတော့မသိဘူး၊ အခုနောက်ပိုင်း ဒေသခံတွေဆီကသတင်းရတာက ၂၀ လောက်သေပြီး၊ ၂၀ လောက် ဒဏ်ရာရတယ်လို့သိရတယ်။ အခုလောလောဆယ် သူတို့နာရေးကားစောင့်နေတယ်၊ ရွာအပြင်မှာ အလောင်းတွေကို မိုးကာအုပ်ထားတယ်လို့ သိရတယ်။” 

အဆိုပါ တိုက်ပွဲကို Special.9-HPDF၊ FOX Army -HPDF၊ ကိုးတောင်ကျားနဲ့ ရေမြွေအဖွဲ့တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မေ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော် လောက်ကလည်း ဝန်းသိုမြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထောက်ကြံ့တောနဲ့ ဒုန်းဒုတ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်‌ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်သား‌တွေ ထိခိုက်ကျဆုံးတာ‌ တွေ ရှိတယ်လို့ ဒေသခံပြည်သူ တဦးက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး

2 hours Ago

February 28, 2022

ကသာမြို့နယ်၊ အင်းကျေးရွာက ပြည်သူများ​ တောတောင်တွေထဲ တိမ်းရှောင်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်က အင်းကျေးရွာကို  စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် ကျေးရွာနေပြည်သူတွေက ယနေ့အချိန်အထိ တောတောင်တွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက   ဖေဖော်ဝါရီ ၉ ရက်က ကျေးရွာထဲဝင်ရောက်ပြီး  ပြည်သူတွေကို ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကျေးရွာက ပြည်သူတွေအားလုံးတောတောင်တွေမှာ တိမ်းရှောင်နေရတာလို့ ပြောပါတယ်။

“အဲဒီနေ့က ရွာထဲဝင်လာပြီး ဖမ်းခေါ်သွားတာ အများကြီးပဲ၊ အဲကတည်းကနေ တရွာလုံး ပြေးနေကြတာ၊ အခုလည်း တောထဲမှာပဲ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ရွာထဲ ဝင်ရောက်လာတဲ့နေ့က ရွာသား ၃၂ ယောက်ကို ဒိုင်းကာအနေနဲ့ စစ်ကြောင်းရှေ့မှာထားပြီး သွားလာတာတွေပြုလုပ်ပြီး ရွာထဲမှာ စခန်းအထိုင်ချတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

အင်းကျေးရွာက ပြည်သူတွေက ရွာနဲ့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် နေရပ်မပြန်နိင်သေးဘဲ တောတောင်တွေမှာ တိမ်းရှောင်နေရတာလို့ ပြောပါတယ်။

“အခုရွာထဲမှာ စခန်းအထိုင်ချထားသေးလားတော့ မသိဘူး၊ ကြားတာကတော့ အင်းဒေါင်းနားမှာ ရှိနေသေးတယ်တဲ့။ အဲဒါကြောင့် လုံခြုံရေးစိတ်မချရသေးလို့ မပြန်သေးတာ” လို့ တိမ်းရှောင်နေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်းကျေးရွာက အစ္စလာမ်ဗလီထဲကို ဝင်ရောက်ပြီးတော့ ဗလီမှာ ရှိတဲ့ ဘာသာရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာကို ဝင်ရောက်လာတဲ့နေ့က ပြည်သူတွေရဲ့ အိမ်တလုံလည်း မီးလောင်ခဲ့ပါသေးတယ်။

အခုအချိန်မှာ အင်းကျေးရွာအုပ်စုက ထွက်ပြေးတိမ်းရှောင်ရတဲ့ အိမ်ထောင်စု ၅၀၀ ခန့်ရှိပြီးတော့ လူဦးရေ ၂၀၀၀ ကျော် ရွာတွေကနေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ကသာမြို့ထဲက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

2 months Ago
Up