close

အင်းစိန်ထောင်ရှေ့

close

October 19, 2021

ပြန်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုများက အင်းစိန်ထောင်ရှေ့တွင် ညဘက်အထိ စောင့်မျှော်နေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ထပ်မံလွှတ်ပေးဖို့ရှိတာကြောင့်  အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုတွေ သွားရောက်စာင့်ဆိုင်းနေကြပါတယ်။

ဒီနေ့ ၇ နာရီကျော်အထိ လွတ်လာမယ့်သူတွေကို မိသားစုတွေက မျှော်လင့်စောင့်စားနေဆဲဖြစ်ပြီး  အင်းစိန်အကျဉ်းထောင်ရှေ့မှာ ‌နောက်ဆုံး လွှတ်ပေးမယ့်ကားကို စောင့်နေကြိုနေကြတာပါ။ 

ထောင်ရှေ့မှာ သားဖြစ်သူ ပြန်လွတ်လာမလားလို့ မနက်ကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့ မိခင်တဦးက “ ကျမသားလေးပြန်လွတ်တဲ့အထဲပါမလာသေးလို့ ဒီနေ့ လွတ်ပေးမယ့်ထဲ ပါလားမလို့ လာစောင့်နေတာပါ။ လူတွေအများကြီးဆိုတော့ ကိုဗစ်ကူးစက်မှာတွေဘာတွေကြောက်ပေမဲ့ ကျမသားလေးထွက်လာရင် လာကြိုမဲ့သူမရှိရင် မျက်နှာငယ်မှာစိုးလို့” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်းက ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

Photo-AMM/ ဖြိုးရသ

3 mins Ago

March 8, 2021

အင်းစိန်ထောင်ရှေ့ လာစောင့်နေသူများပြား၊ ဝန်ကြီးဦးနိုင်ငံလင်းနှင့် ဒေါ်မိုးမိုးစုကြည်တို့ ထောင်ထဲရောက်နေ

ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ အဖမ်းခံရသူတွေကို လာစောင့်နေကြသူတွေ မတ် ၈ ရက်နေ့က  အများအပြားရှိနေပြီး အခုရက်ပိုင်းဖမ်းဆီးခံရသူတွေကို ပြန်မလွှတ်ပေးတော့တဲ့အတွက် မိသားစုဝင်တွေက ပိုပြီးစိုးရိမ်နေကြပါတယ်။

ထောင်ဝန်ထမ်းတချို့ဆီက ကြားရတဲ့သတင်းကတော့ ဖမ်းဆီးခံရသူတွေကို အလွယ်ပြန်လွှတ်မပေးတော့ဘဲ ပုဒ်မတပ် တရားစွဲဖို့ စစ်တပ်က စီစဉ်နေတယ်လို့ဆိုပါတယ်။

မတ်လ ၇ ရက်နေ့က ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ သပိတ်မှောက်လူငယ် ရာနဲ့ချီ အဖမ်းခံထားရတာပါ။ သတင်းတွေအရ ရွှေပြည်သာတမြို့နယ်တည်းမှာတင် လူတစ်ရာကျော် အဖမ်းခံထားရပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ အမျိုးသမီးငယ်တွေလည်း အများအပြား ပါဝင်ခဲ့ပြီး မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အာဏာသိမ်းကတည်းက အဖမ်းခံထားရတဲ့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့လည်း အင်းစိန်ထောင်ထဲ ရောက်နေတယ်လို့ ထောင်ရှေ့မှာ လာစောင့်နေတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး သပိတ်မှောက်ပြည်သူ ၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း သပိတ်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခဲ့ပြီး ပြည်သူအများအပြားကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ တစ်ရက်ခြား တစ်သုတ်ပြန်လွှတ်ပေးခဲ့ပေမယ့် အခု ရက်ပိုင်းမှာတော့ ပြန်မလွှတ်ပေးတော့ပါဘူး။

အဖမ်းခံရသူ ထောင်နဲ့ချီရှိနိုင်တယ်လို့ခန့်မှန်းကြပေမယ့် အခုအထိ သပိတ်မှောက်ပြည်သူ ဘယ်နှယောက်ကိုဖမ်းထားပြီး ဘယ်လောက်ကိုပြန်လွှတ်ပေးတယ်ဆိုတာကို အတည်မပြုနိုင်သေး ပါဘူး။

8 months Ago
Up