ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ နိုဝင်ဘာ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၃ နာရီဝန်းကျင်က သီရိမင်္ဂလာလမ်းမပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဗုံးပေါက်တာတော့ အသံအကျယ်ကြီးပဲ။ ဗုံးပေါက်တယ်ဆိုပြီး စစ်သားတွေရော ရဲတွေရော ကားနဲ့ရောက်လာပြီး လမ်းသွားလမ်းလာတွေရော ဆဲဆိုပြီး စစ်ဆေးတာ၊ ဒဏ်ရာရလား မရလား မသိဘူး။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ရွာမအရှေ့ရပ်ကွက်က လမ်းတချို့နဲ့ သီရိမင်္ဂလာလမ်းမကြီးပေါ်က ကားနဲ့ ဆိုင်ကယ်အပြင် လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုပါ စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လတွေက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတချို့လည်း ရှိခဲ့ပါတယ်။
အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် ရွာသစ် ၄ လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပိန္နဲကုန်းရပ်ကွက် ရွာသစ် ၄ လမ်းမှာ နေထိုင်တဲ့ ယောက္ခမနေအိမ်ကို ဆိုင်ကယ်နဲ့ သွားနေရင်း အမည်မသိသူတွေက အနောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့ ယောက္ခမအိမ်လာတဲ့အချိန် သေနတ်တွေနဲ့ဝိုင်းပစ်တာ အသံကိုဆူညံနေတာပဲ၊ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ နောက်တော့ စစ်တပ်က လူနာတင်ယာဥ်နဲ့လာခေါ်သွားတာတွေ့တယ်။”
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင်ဟာ ကျည် ထိမှန်ဒဏ်ရာလေးချက်နဲ့ သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လာပစ်တာ။ သေနတ်နဲ့ ခုနှစ်ချက်ပစ်တာ လေးချက်ထိတယ်၊ ချက်ချင်းမသေဘူး၊ အင်းစိန်ဆေးရုံပို့ဖို့လုပ်ရင်း ဆုံးသွားတာ။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ အင်းစိန်မြို့နယ်က မီးပွိုင့်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းကလည်း အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်က နေအိမ်တအိမ်မှာ ၄၀ မမ ဗုံးပစ်လောင်ချာတလက်၊ ပစ္စတိုတလက်၊ လက်ပစ်ဗုံးသုံးလုံး၊ PVC ပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံးလေးလုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အမျိုးသမီးတဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုက်အဝန်းက သိရပါတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်မှ ၃ ရက်နေ့အတွင်း ပစ်ခတ်မှုငါးကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှုးအပါအဝင် လေးဦး သေဆုံးပြီး ရာအိမ်မှူးတဦး နဲ့ ဆယ်အိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။