close

အင်းတကော်

close

March 16, 2023

ကြို့ပင်ကောက်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ၊ စစ်တပ်က အင်းတကော်ဒေသခံများကို ဖမ်းဆီးငွေညှစ်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာမှာ ကင်းစောင့်ဖို့ စုဝေးနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ကို မတ် ၁၃ ရက် ည ၁၀ နာရီခွဲက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို စီးနင်းပစ်ခတ်ရာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးထွန်းနဲ့အတူ ပျူစောထီး ခေါင်းဆောင် မင်းဇော်ဦးနဲ့ စိုးမိုးဦးတို့ အပါအဝင် အင်အား ၈ ဦးခန့်က လက်ပစ်ဗုံး၊ တထောင့်ထိုးသေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ပဲခူး PDF  တာဝန်ရှိသူက ဆိုပါတယ်။

စစ်ဆင်ရေးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးထွန်း လည်ပင်းဖောက်ဝင်ဒဏ်ရာနဲ့ နေရာတင် ပွဲချင်းပြီးသေဆုံးသွားပြီး ပျူစောထီး ၂ ဦး ထပ်မံသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး နားထင် ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းရာမှာ စစ်ကောင်စီရဲ့ အရာရှိတချို့ အပါအဝင် လက်ပါးစေ ဒါဇင်ခန့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ-၅ ဟီးရိုးပြောက်ကျားနဲ့ Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပဲခူးတိုင်းအရှေ့ပိုင်း၊ အင်းတကော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်ဟောင်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် မတ်လ ၂ ရက်က စတင်ဖမ်းဆီးနေတာဖြစ်ပြီး အဲဒီလို ဝင်ရောက်ဖမ်းဆီးတဲ့အချိန် နေအိမ်တွေကို လျှပ်စစ်မီးတွေ ဖြတ်တောက်ပြီးမှ ဖမ်းဆီးတာဖြစ်သလို ဖမ်းဆီးခံရသူတွေကိုတော့ နယ်မြေခံရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးခံရသူတွေအနေနဲ့ မိသားစုဝင်တွေက တယောက်ကို ကျပ်  ၆ သိန်းကျပ်နဲ့ ပြန်ရွေးမှ ရဲစခန်းကနေ ပြန်လွှတ်ပေးပြီး မပေးနိုင်တဲ့သူအနေနဲ့ ပဲခူးမြို့ပေါ်မှာရှိတဲ့ အကျဉ်းထောင်ကို ခေါ်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လာရောက်ဖမ်းဆီးတဲ့အချိန်တုန်းကလည်း စစ်တပ်နဲ့ ရဲအင်အား ၁၅ ဦးလောက်က မေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာဖြစ်ကာ နောက်နေ့မှာတော့ ရဲစခန်း တာဝန်ရှိသူက ဖမ်းဆီးသွားတဲ့သူအနေနဲ့ အကြမ်းဖက်အဖွဲ့စည်းတွေနဲ့ ဆက်သွယ်ခဲ့တာကြောင့် ဒဏ်ငွေ ၆ သိန်းပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောလာတဲ့အတွက် တောင်းတဲ့ငွေပမာဏကို ပေးပြီး ပြန်ရွေးခဲ့ရသလို မပေးနိုင်တဲ့သူတွေကိုတော့ ၃ ရက်အတွင်း ပဲခူးမြို့ပေါ်က အချုပ်ထောင်ကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တညကို အနည်းဆုံး ၂ ယောက်ကနေ ၃ ယောက်အထိ ဖမ်းဆီးနေတာဖြစ်ပြီး ငွေကြေးပေးနိုင်သူတွေက ပြန်လွတ်လာသလို ငွေကြေးမပေးနိုင်တဲ့ သူတွေကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နေ့လယ်ပိုင်းမှာလည်း အင်းတကော်မြို့ပေါ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေ တွေ့ရှိရင် ဆိုင်ကယ် သိမ်းယူတာအပြင် လူကိုလည်း ဒဏ်ငွေရိုက် ဖမ်းဆီးထောင်ချတယ်လို့ မြို့ခံတွေကတဆင့် သိရပါတယ်။

15 mins Ago

December 27, 2022

အင်းတကော်တွင် ကုန်တင်ကားကို ခရီးသည်တင်ယာဥ် ဝင်တိုက်ပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက်က ရပ်ထားတဲ့ ၂၂ ဘီးယာဥ်ကို ခရီးသည်တင်ယာဥ်တစီးက ဝင်တိုက်ခဲ့ပြီး  နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတကော်မြို့ သာယာအေးကျေးရွာအနီးမှာ ဒီနေ့မနက် ၁၀ နာရီခွဲက ကမ္ဘာကျော် ခရီးသည်တင်ယာဥ်ဟာ ဆိုင်ကယ်တစီးကို ရှောင်ရာကနေ ရပ်ထားတဲ့ ၂၂ ဘီးယာဥ်ကို တိုက်မိကာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် သေဆုံးပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆိုင်ကယ်က အရှေ့ကနေမောင်းတော့ တိုက်မိမှာစိုးလို့ ရှောင်လိုက်တာ အရှိန်လွန်ပြီး ရပ်ထားတဲ့ ၂၂ ဘီးကားကို သွားတိုက်တာ၊ ယာဥ်မောင်းရော စပယ်ယာရော သေသွားတယ်။ ခရီးသည်နှစ်ဦးလည်း ဒဏ်ရာရသွားတယ်။”

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ရွှေစင်လူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ ပဲခူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ယာဥ်မောင်းက လှည်းကူး သနပ်ပြင်ကျေးရွာက၊ စပယ်ယာက အရှေ့ဒဂုံ ရှမ်းတဲကြီးကပါ။ ဒဏ်ရာရတဲ့သူနှစ်ဦးက အခြေအနေ မစိုးရိမ်ရဘူး။”

သေဆုံးသူမှာ ကမ္ဘာကျော်ခရီးသည်ယာဉ်မောင်းဖြစ်သူ ကိုကျော်မျိုးဇော်ဖြစ်ပြီး လှည်းကူးမြို့ သနပ်ပြင်ကျေးရွာမှာ နေထိုင်သူဖြစ်ကာ ယာဥ်နောက်လိုက် ဦးသန်းလွင်ကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရှမ်းတဲကြီးကျေးရွာမှာ နေသူဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အင်းတကော်မြို့မရဲစန်းက စစ်ဆေးနေပါတယ်။

3 months Ago
Up