close

အင်းတော်မြို့နယ်

close

November 23, 2022

အင်းတော်မြို့နယ်၌ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်နဲ့ မော်လူးကြားက ဥသျှစ်ကုန်းရွာကို စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၂ ရက် နေ့လယ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၃ နာရီလောက်မှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေ့လယ်လောက်က တိုက်လေယာဉ်နဲ့ လာပစ်သွားတယ်၊ အဲဒီအချိန် တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူး၊ ညနေ ၃ နာရီ၊ ၄ နာရီကြားလောက်မှာ အသံတွေစကြားရတယ်၊ အဲကနေတိုက်ပွဲတွေ စဖြစ်နေတာ၊ ဥသျှစ်ကုန်းရွာနားမှာပဲ၊ လေယာဉ်နဲ့ လာပစ်သွားတာလည်း အဲဒီရွာပဲ။”

လက်ရှိအချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပတ်ဝန်းကျင်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးကလည်း စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားညှပ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်နိုင်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

“အခုကြားရသလောက်တော့ စကစတပ်ဖွဲ့ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားညှပ်ထားသလို ဖြစ်နေတော့ လေကြောင်းနဲ့လာတိုက်တာဖြစ်နိုင်တယ်၊ ညနေပိုင်းရောက်တော့ တိုက်ပွဲတွေဖြစ်ပြီးလေ၊ အသေးစိတ်တော့မသိရသေးဘူး၊ အဲဘက်ခြမ်းကို ဆက်သွယ်နေတာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရဖြစ်နေတယ်။”

တိုက်ပွဲတွေကြောင့် ဥသျှစ်ပင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေ လုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် ဗန်းမောက်နဲ့မော်လူးကြားက တခွတ်တာရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

5 days Ago

November 19, 2022

အင်းတော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ  နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

တိုက်ပွဲဟာ အင်းတော် - နဘားကြားက ရွာသစ်ကုန်းနဲ့  အင်းတော်-ဗန်းမောက်ကြားက သက်ကယ်ကျင်းရွာနာ နေရာ နှစ်နေရာမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာပါ။

PDF နဲ့နီးစပ်သူက "တိုက်ပွဲက နှစ်နေရာဖြစ်တယ် နဘားကြီးနားက ရွာသစ်ကုန်းမှာ မနက်ကတည်းကနေ ပစ်နေကြတာ။ အသေးစိတ်တော့ မသိရသေးဘူး။ အင်းတော်ကနေ ဗန်းမောက်ကိုသွားတဲ့ လမ်းပေါ်မှာ။ အင်းတော်ကနေ သုံးလေးမိုင်ပဲ ဝေးတယ်။ အဲဒီ သက်ကယ်ကျင်းမှာလည်း မနက်ကတည်းက ဖြစ်တယ်၊ သက်ကယ်ကျင်းမှာ ကြားရ သလောက်ကတော့  စကစဘက်က ထိခိုက်ဒဏ်ရာရတာကော၊ သေဆုံးတာ ၆၀ ဝန်းကျင်၊ KIA ဘက်ကတော့ တစ်ယောက်ထိတယ်လို့ ကြားထားတယ်”လို့ ပြောပါတယ်။

သက်ကယ်ကျင်းကျေးရွာနားမှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ဖက်ညပ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေက ဒေသခံတွေကတော့ လုံခြုံတဲ့ ကျေးရွာတွေနားကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

သက်ကယ်ပင်း၊ အောင်းကုန်း၊ မော်တိတ်ကျေးရွာတွေမှာ လွန်ခဲ့တဲ့ လအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီလေတပ်ကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။

1 week Ago
Up