close

အင်းတော်လမ်းပိုင်း

close

September 27, 2022

ကသာခရိုင် အင်းတော်လမ်းပိုင်း ပြန်ဖွင့်

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်လမ်းပိုင်းရှိ ကားလမ်းကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ပြန်ဖွင့်ပေးပြီလို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အင်းတော်-ကသာ၊ အင်းတော်-ဗန်းမောက်၊ အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော်-မော်လူး လမ်းပိုင်းတွေကို စက်တင်ဘာ ၂၅ရက် ညနေ ၅ နာရီက‌စပြီး ခရီးသည်တင်လိုင်းကားနဲ့ ကုန်တင် ကားတွေ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာပါ။

PDF တပ်ဖွဲ့ဝင်တဦးက “အင်းတော်၊ ထီးချိုင့်၊ မော်လူးလမ်း နဲ့ အင်းတော်၊ ကသာလမ်းပြန်ဖွင့်ပါပြီဗျ။ စစ်တပ်က အင်းတော်အနောက်ဘက်ကို စစ်ကြောင်းထိုးသွားတဲ့အတွက် အင်းတော်၊ ဗန်းမောက်လမ်းကို တော့ ယာယီပိတ်ထားပါဦးမယ်ဗျ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေက တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၄ ရက်နေ့က နန့်စီးအောင်မှ မော်လူးဘက်ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို မော်လူးနဲ့ နန့်စီးအောင်ကြားတွမှာ Local PDF အဖွဲ့က မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာ အများအပြားရရှိသွားပြီး ဒဏ်ရာရတဲ့သူတွေကို နန့်စီးအောင်ဂိတ်က‌နေ အိမ်စီးကားနဲ့ မိုးညှင်းဘက် သယ်သွားတယ်လို့ ဒေသတွင်း PDF အဖွဲ့က ဆိုပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာပဲ မော်လူးဘက်ကနေ နဘားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက မော်လူးနဲ့ နဘားကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး အပါအဝင် ၂ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကာ သေဆုံးတဲ့ ၂ ယောက်ကို နဘားရွာရှိ ခရစ်ယာန်သင်္ချိုင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

စစ်ကောင်စီတပ်ဟာ နဘားရွာကားလမ်းဘေးရှိ ဆိုင်တချို့ကနေ ဖုန်း၊ ပိုက်ဆံ၊ အရက်ဘီယာ‌တွေနဲ့ ထမင်းဟင်း‌တွေ လုယက်ယူဆောင်ကာ အင်းတော်အနောက်ဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရပါတယ်။

2 mins Ago

September 25, 2022

ကသာခရိုင်တွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်သူသောင်းချီ ထွက်ပြေး၊ အင်းတော်လမ်းပိုင်းများ ယာယီပိတ်

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကောလင်းမြို့နယ် အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့  ပစ်ကာ  စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် ကျေးရွာအုပ်စု ၃ အုပ်စုက ရွာသူ/ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ် လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ကောလင်းအရှေ့တောင်ပိုင်း စစ်ကောင်စီတပ်ရဲ့ အင်ပင်သာအဖွဲ့က ဝါးရုံခုံရွာအရှေ့ချောင်းရိုးကို ရောက်တယ်။ ပွဲခံရွာက ဦးကျော်ဘင်ချောင်းအဖွဲ့က ဇီးဖြူကုန်းအနောက်က တောင်ရိုးမှာ ရောက်တယ်။ နေ့လယ် ၂ နာရီခွဲမှာ တောင်ဘို့လှအုပ်စု၊ သပြေအိုင်အုပ်စု၊ အင်ပင်သာအုပ်စုက ပြည်သူတွေ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။"

ထဲထီးရှိုရွာက‌နေ စစ်ကောင်စီတပ်ဟာ ပွဲခံရွာနဲ့ တောင်ဘို့လှရွာကြား ရောက်နေကြပြီး အဲဒီနေရာကနေ တောင်ဘို့လှနဲ့ ဇီးဖြူကုန်းရွာဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ Kawlin Info အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကသာခရိုင် အင်းတော်မြို့နယ်မှာလည်း စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီ တိုက်ပွဲတွေ ဖြစ်ပွားနေရာ ကားလမ်း ယာယီပိတ်ထားတယ်လို့ PDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

"ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါ။ အင်တာနက်လိုင်းရသူတွေက  ဖုန်းနဲ့ ဒါမှမဟုတ် သင့်ရာ နည်းနဲ့ အချင်းချင်းဆက်သွယ်ပြီး သတိလှမ်းပေးပေးထားကြပါ။" 

အင်းတော်-ကသာ၊ အင်းတော်-ဗန်းမောက်၊ အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော်-မော်လူး လမ်းပိုင်းတွေကို ဒီနေ့ ညနေ ၅ နာရီက‌စပြီး ခရီးသည်တင်လိုင်းကားနဲ့ ကုန်တင်ကားတွေ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်မယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အင်းတော်ဒေသကာကွယ်ရေးအဖွဲ့ Indaw Revolation - IR က တာဝန်ရှိသူက  "လတ်တလော ဒေသတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းသုံးပြီး စစ်ကြောင်းထိုးနေတယ်။ နေရာတချို့မှာလည်း တိုက်ပွဲတွေ ရှိနေတာကြောင့် ယာယီပိတ်ထားလိုက်တာဖြစ်ပါတယ်။ စစ်ရေးအခြေနေလည်း တင်းမာနေပါတယ်။ အများပြည်သူတွေအနေနဲ့ ဘေးကင်းစေဖို့ ထုတ်ပြန်ချက်ကို အတိကျလိုက်နာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ် " လို့ ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းက လမ်းနေရာ တချို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးတာတွေနဲ့ တပ်ဖြန့်ထားတာတွေ ရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

တားမြစ်ထားတဲ့ လမ်းပိုင်းများအတွင်း ခရီးသည်တင်လိုင်းကား၊ ကုန်တင်ကား၊ အိမ်စီးကားတွေ မောင်းနှင်သွားလာကြလို့ တစုတရာဖြစ်ပွားပါက ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်တာဘာ ၂၄ ရက်နေ့ကလဲ မော်လူးနဲ့ နန့်စီအောင်ကြားက ကားလမ်းမမှာ စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာတာရှိပြီး ကျေးရွာများဘက်ကို တပ်ဖြန့်လာတာလဲ ရှိတယ်လို့ သိရပါတယ်။

2 days Ago
Up