close

အင်းရွာ

close

January 19, 2022

ကသာမြို့နယ် အင်းရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းရွာက လူနေအိမ်တွေကို  ဇန်နဝါရီ ၁၉ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကသာ တော်လှန်ရေးအဖွဲ့ဆီက သိရပါတယ်။

အင်းရွာကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက  ကင်းလှည့်ချိန်မှာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဖက) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအပြီး မနက် ၄ နာရီလောက်မှာတော့ အင်းရွာကျေးရွာအတွင်း လူနေအိမ်တစ်လုံးက ပရိဘောဂပစ္စည်းတွေကိုဖျက်ဆီးခဲ့ပြီး  နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ယုတ်ကန်းတာပါ။ သူတို့ပစ်တဲ့သူကို ပြန်တိုက်ပါလား အိမ်တွေကပစ်တာမဟုတ်ဘဲ အိမ်တွေကို မီးရှို့သွားတယ်။” 

စစ်ကောင်စီတပ်တွေက  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး  ရှုံးနိမ့်တဲ့အခါတွေမှာ  အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကိုဖျက်ဆီးမီးရှို့တာတွေ  ပိုမိုလုပ်ဆောင်ကြလေ့ရှိတယ်လို့  သိရပါတယ်။ 

ကသာမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့က တိုက်ပွဲမရှိဘဲ တိုက်လေယာဉ် ၂ စီးနဲ့  မှတ်တိုင်ကျေးဘုရားကုန်းအနီးမှာ ဗုံး ၆ လုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးမှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

photo - IR

12 hours Ago
Up