close

အင်းလျားကန်

close

May 9, 2023

အင်းလျားကန်ပေါင်တွင် အပူဒဏ်ရှောင် လာရောက်အပန်းဖြေသူများပြား

ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်မှာ နေ့စဉ် အပူရှောင်သူတွေနဲ့ စည်ကားနေပြီး ကားပါကင်မရသလောက် ဖြစ်တဲ့အထိလည်း လာရောက်သူတွေ များပြားနေပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတွေဟာ အပူဒဏ်ကြောင့် နေ့စဉ် ညနေ ၅ နာရီနောက်ပိုင်းကစတင်ကာ အင်လျားကန်ပေါင်မှာ သွားရောက်အပန်းဖြေပြီး အပူဒဏ်သက်သာဖို့ လုပ်ဆောင်နေကြတဲ့အတွက် ဈေးရောင်းချသူတွေအတွက်လည်း အဆင်ပြေနေတယ်လို့ သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

အင်းလျားကန်အနီးမှာ စားသောက်ဆိုင်ဖွင့်ထားသူတဦးက “ညနေပိုင်းဆိုတာနဲ့ ကားပါကင်မှာ ပြည့်နေပြီ။ အရင်က အဲ့ဒီလောက်မများဘူး။ အခုနှစ်နွေမှာ လာတဲ့သူက တနေ့ကို ၄၀၀၊ ၅၀၀ ဝန်းကျင်ရှိတယ်။ အဲ့ဒါ တရက်တည်းမဟုတ်ဘူး၊ နေ့တိုင်းပဲ” လို့ ပြောပါတယ်။

အင်းလျားကန်ပေါင်ကို သွားရောက်သူတွေဟာ ည ၈ နာရီအထိသာ နေထိုင်ခွင့်ရပြီး ည ၈ နာရီထိုးပါက ကန်ပေါင်လုံခြုံရေးယူထားသူတွေက လာရောက်နှင်ထုတ်လေ့ရှိတယ်လို့လည်း သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

အာဏာမသိမ်းခင်က အင်းလျားကန်ပေါင်မှာ နာမည်ကြီးအဆိုတော်တွေက ပြည်သူတွေကို လာရောက်ဖျော်ဖြေခဲ့ကြသလို ကုမ္ပဏီတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေ လာရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒီအလေ့အထတွေ မရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

8 mins Ago

August 29, 2022

အင်းလျားကန်တွင်း လူတဦး ခုန်ချ၊ သေဆုံးလျက် ရှာဖွေတွေ့ရှိ

ရန်ကုန်မြို့က အင်းလျားကန်ထဲကို နေ့လယ် ၂ နာရီကျော်လောက်က လူ ၁ ယောက် ခုန်ချသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ပါတယ်။

ကမာရွတ်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပြီး ၄ နာရီ ၂၄ မိနစ်လောက်မှာ အမျိုးသား ၁ ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကာ ရုပ်အလောင်းကို M.A.N လူမှုကူညီကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာတင် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်မှာတင် အသက် ၂၄ အရွယ် အမျိုးသမီးတဦးဟာ ၃ နှစ်သမီးလေးနဲ့အတူ ပြည်-နဝေးဒေးတံတားပေါ်မှ ခုန်ချ သတ်သေသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့  သြဂုတ် ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်  ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီးသေကြောင်း ကြံစည်ခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေ ရှိပြီး အခက်အခဲတွေနဲ့ ကြုံရပြီးနောက်မှာ ​ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။

8 months Ago
Up