အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ပြီး အနားယူခဲ့တာက တိုက်စစ်မှူးရက်ရှ်ဖို့ဒ်အတွက် ကောင်းမွန်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်ကပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေနုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ အတူနေချစ်သူနဲ့အတူသွားရောက်ပြီး အနားယူခဲ့တာပါ။
အဲဒီလို လုပ်ဆောင်ခဲ့တာဟာ ပွဲတွေအများကြီးကစားခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်အတွက် ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်နေဖို့အတွက် ကောင်းမွန်ကြောင်း၊ ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့မှာကစားရမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ယူနိုက်တက်အသင်းက ကစားသမားတွေဟာ ဥရောပမှာ ပွဲစဉ်အများဆုံး ကစားခဲ့ရသူတွေဖြစ်တယ်လို့လည်း တန်ဟတ်ဂ်က ပြောပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး မာစီယယ်ဟာလည်း လေ့ကျင့်ခန်းဆင်းနေတာ နှစ်ပတ် လောက်ရှိပြီဖြစ်လို့ အသင်းလူစာရင်းမှာပါဝင်လာနိုင်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူမေဆန်မောင့်နဲ့ ဂိုးသမားနစ်ပုတ်တို့ဟာ အင်္ဂလန်အသင်း လူစာရင်းကနေ အသီးသီးနုတ်ထွက်သွားပါတယ်။
မန်ယူတိုက်စစ်မှူးဟာ ဖူဟမ်အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာရှိခဲ့တာကြောင့် လူစာရင်းက နုတ်ထွက်ခဲ့တာပါ။
အလားတူ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ဟာလည်း ဆီးခုံရိုးဒဏ်ရာပြန် လည်သက်သာလာအောင် လုပ်ဆောင်နေရဆဲဖြစ်လို့ လက်ရွေးစင်နဲ့ မပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာပါ။
နယူးကာဆယ်ဂိုးသမားနစ်ပုတ်ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး နည်းပြဆောက်ဂိတ်က စပါးဂိုးသမား ဖော်စတာကို အစားထိုးရွေးချယ်ခဲ့ပါတယ်။
တခြားနေရာတွေအတွက်တော့ နောက်ထပ်ကစားသမားထပ်ခေါ်မှာမဟုတ်ကြောင်း အင်္ဂလန်အသင်းက သတင်းထုတ်ပြန်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအဖြစ် မတ်လ ၂၄ ရက်မှာ အီတလီ၊ မတ်လ ၂၆ ရက်မှာ ယူကရိန်းအသင်းတွေနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။